နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)သို့  တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)သို့  တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် - ၁၃

 ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။

ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိ

    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်မှု ၂ နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကာလ ၆ လ တိုးပြီးသည့်အချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ပြင်ဆင်ချမှတ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံ၏ အဓိကဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းများဖြစ်ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့မှအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည် ဟူသည့် အချက်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်သည် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီလွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအချက်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

    ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင်များစွာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့်အရေးပေါ် အခြေအနေနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အရေးပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အပြည့်အဝဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဆိုသည့် အချက်တွင် အကောင်အထည် ဖော်နိုင်ရန် အတွက်လိုအပ်ချက်များ ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း။

    အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်ကြကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေး အတွက် ယခုထက်ပိုမိုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင် ချိန်အတွင်း၌လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း။

မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှု

    မေ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ငွေကျပ် ၅၂၂ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူများအနေဖြင့် ငွေကြေးများ သုံးစွဲရကြောင်း၊ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးကိုလည်း သတိထားဆောင်ရွက်ရန်လိုကြောင်း၊ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူအသေအပျောက်အနည်းဆုံး ဖြစ်ခဲ့သော်လည်း ဆုံးရှုံးမှုများ ကြီးမားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် သင်ခန်းစာယူရန်လိုကြောင်း၊  ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကို ကျော်လွှားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို များစွာ ဆောင်ရွက်ထားရန်လိုကြောင်း၊ ဥပမာအားဖြင့် အဆောက်အဦများ တည်ဆောက်ရာတွင် မိုးများသည့်ဒေသများ၊ မုန်တိုင်းကျရောက်နိုင်သည့် ဒေသများ တွင် သဘာဝဘေးဒဏ်ကို ခံနိုင်သော ကြံ့ခိုင်မှုရှိသည့် အဆောက်အဦများကို ဆောက်လုပ်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်

    မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်များ ထမ်းဆောင် ရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်ကို ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရှိနိုင်ကြောင်း၊  ယခင်အနုတ်ပြနေသည့် စီးပွားရေးမှ အပေါင်းဖြစ်သည်အထိ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး အထိုက်အလျောက် တိုးတက်လာခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေအပေါ်တွင် ကျေနပ်နေ၍မရကြောင်း၊ မိမိတို့ အနေဖြင့်နိုင်ငံ့ဝင်ငွေမရှိဘဲ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်၍မရကြောင်း၊ စီးပွားရေး ကောင်းမွန်ခြင်းမရှိပါက ရာဇဝတ်မှုများ ထူပြောလာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ၌ အချို့ဖြစ်စဉ်များသည် ပြန်ပေးဆွဲ၍ ငွေကြေးတောင်းယူခြင်းများ ဖြစ်သည်ကို စိစစ်ဖော်ထုတ်တွေ့ရှိရကြောင်း၊ အချို့သော အကြမ်းဖက်မှုများတွင် မိသားစုများပါ ပါဝင်နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။

ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့မှုနှင့်ပတ်သက်၍ ပဲအမျိုးမျိုး၊ ဆန်နှင့်စိုက်ပျိုး ရေးထွက်ကုန်များ၊ ရေထွက်ကုန်များနှင့်‌ မွေးမြူရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံ့ဝင်ငွေများ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့တင်ပို့နိုင်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လည်း လိုကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

    ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်းများကြောင့် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ သို့သော်  ထုတ်လုပ်မှုနှင့် စားသောက်မှု မမျှတခြင်းကို မိမိတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဖြေရှင်း ဆောင် ရွက်နိုင်ရန်အတွက် စက်ရုံအလုပ်ရုံများကို အပြည့်အဝ လည်ပတ်နိုင်ရန်လိုကြောင်း၊  အစိုးရ စက်ရုံများမှာ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်နိုင်မှု မရှိခြင်းနှင့် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ မလည်ပတ်နိုင်ခြင်းတို့ကြောင့် ထုတ်ကုန်များ နည်းပါးနေခြင်းဖြစ်ကြောင်း။

    အလားတူ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နိုင်မှုများ မရှိသည်ကိုတွေ့ရကြောင်း၊ မိမိတို့ နိုင်ငံသားများသည် ရောင့်ရဲတင်းတိမ်သည့်စိတ် ရှိကြကြောင်း၊  စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များနှင့် ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံလောက်ပါသည်ဆို၍ မရကြောင်း၊ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လိုအပ်ချက်များနှင့် ပြည်တွင်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် လိုကြောင်း၊ ထိုမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ကြောင်း၊ စိုက်ပျိုးရေးပို့ကုန်များနှင့် ထုတ်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ပါက နိုင်ငံခြားငွေများ ပိုမိုရရှိလာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြင့်တက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက်စေရေးနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး၊ သီးထပ်စွမ်းအားများမြှင့်တင်ရေး၊ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေးအတွက် စွမ်းအားပြည့် လည်ပတ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက စနစ်တကျစီမံ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

မွေးမြူရေးလုပ်ငန်းများ အထွက်နှုန်းကောင်းအောင်ဆောင်ရွက်၍ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို လျှော့ချနိုင်ရမည်

    အလားတူ မွေးမြူရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် တိရစ္ဆာန်အစား အစာကုန်ကြမ်းများ အများအပြားထွက် ရှိသည်ဖြစ်သော်လည်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျမွေးမြူခြင်းနှင့် တိုးချဲ့မွေးမြူခြင်း မရှိကြသည်ကို တွေ့ရှိ ရကြောင်း၊  တိရစ္ဆာန်အစာအတွက် လိုအပ်သည့် ဖွဲ၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ ပြောင်း၊ ငါးမှုန့် စသည့်ကုန်ကြမ်းများ ပြည်တွင်း၌ အလုံအလောက်ရှိပြီး အားဖြည့်အစားအစာကို သာလျင် ပြည်ပမှတင်သွင်းရကြောင်း၊ သဘာဝအစားအစာများသည်လည်း အလုံအလောက် ရှိပြီးဖြစ်ပြီး မြက်စိုက်ပျိုးနိုင်သည့် မြေများလည်း များစွာရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းစနစ် များကို လေ့လာ၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်စေရေး လုပ်ဆောင် ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တီထွင်ကြံဆလုပ်ဆောင်ခြင်း မရှိသော ကြောင့် မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတဘဲ ကုန်ဈေးနှုန်းများ ကြီးမြင့် နေရခြင်းဖြစ်ကြောင်း၊ စားသုံးမှုနှင့်ထုတ်လုပ်မှုမျှခြေရှိမည်ဆိုပါက ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို အားထည့် ဆောင်ရွက်ပြီး အထွက်နှုန်းကောင်းအောင်ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အသားငါးဈေးများ ကျဆင်းရေးသည် မိမိတို့အစိုးရ အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများကို ချိန်ထိုး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နေထိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်း လုံလောက်သည့်ပမာဏ ထွက်ရှိသည်ဆိုရုံဖြင့် ကျေနပ်မနေဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကြည့်၍ ဆောင်ရွက်ကြရမည်ဖြစ်ပြီး အစိုးရအဖွဲ့မှ တွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချသည်ကို မိမိအနေဖြင့် အားပေးပါကြောင်း၊ သို့သော်လည်း ပြည်တွင်း တွင်လိုအပ်သည့် အဓိကစားသုံးနိုင်မှုကိုလည်း မထိခိုက်ရန်လိုကြောင်း၊ သို့ဖြစ်၍ စနစ်တကျဖြင့် တွက်ချက်စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ဥပမာအားဖြင့် ဆီဖူလုံမှုကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံတွင် ထွက်ရှိသည့် မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲပုပ် စသည့် သီးနှံများကို ဆီအဖြစ် ကြိတ်ခွဲထုတ်လုပ်၍ စား သုံးမည်ဆိုပါက သာမာန်အားဖြင့် ၁၂၆ ရာခိုင်နှုန်း ဆီဖူလုံမှုရှိမည်ဖြစ်ကြောင်း၊  စိုက်ပျိုးဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင် မည်ဆိုပါက ၂၄၉  ဒသမ ၅ ရာခိုင်နှုန်း ဆီဖူလုံမှုရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံတွင် ဆီဖူလုံမှုမရှိသဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ သုံးသပ် ကြည့်မည်ဆိုပါက ဆီထွက်သီးနှံများ အထွက်နှုန်းမမှန်ခြင်း၊ ပြည်ပသို့တင်ပို့နေခြင်း၊ ဒေသန္တရ အစားအစာများတွင် ဆီထွက်သီးနှံများကို အများအပြားထည့်သွင်း စားသုံး နေခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နှမ်းနှင့်မြေပဲ ပြည်ပသို့တင်ပို့ခြင်းဖြင့် ရရှိလာသည့် ငွေကြေးသည် ပြည်ပမှစားသုံးဆီတင်သွင်းနေရသည့် ဆီတန်ဖိုးကို မကာမိဘဲ လေးပုံတစ်ပုံ ခန့်သာရရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်ပသို့ တင်ပို့နေသည့် ကုန်စည်များနှင့် ပတ်သက်၍လည်း UMFCCI နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ချိန်ဆ၍တွက်ချက်ဆောင်ရွက်ကာ ထိန်းသိမ်း ကြပ်မတ်ကြရန် လိုကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းစားသုံးမှုကို မထိခိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ဆီထွက်သီးနှံများ အထွက်နှုန်း ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း။

စိုက်ပျိုးမြေအသုံးချမှုနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်များအတိုင်းဖြစ်ရန်လို

စိုက်ပျိုးမြေများအသုံးချမှုနှင့် ပတ်သက်၍လည်း လယ်ယာမြေဥပဒေနှင့် ကိုက် ညီမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ လယ်မြေကို အခြားသီးနှံစိုက်ပျိုးခွင့်ပေးခြင်းကို ဗဟို အဖွဲ့မှသာ ခွင့်ပြုပေး၍ရပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ခွင့်ပြုပေး၍မရကြောင်း၊ လယ်ယာမြေ၌ အခြားသီးနှံစိုက်ပျိုးခွင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ခွင့်ပြုပေး၍ ရကြောင်း၊ သို့သော်လည်း အခြားလုပ်ငန်းပြောင်းခွင့်ကိုမူ ဗဟိုအဖွဲ့မှပင် ဆောင်ရွက် ပေး၍ရကြောင်း၊ လယ်ယာမြေများကို အသုံးချရာတွင် စိုက်ပျိုးခြင်းလုပ်ငန်းများ ကိုဆောင်ရွက်ခြင်းမပြုဘဲ အဆောက်အဦများဆောက်လုပ်မှုများ ပြုလုပ်လျက်ရှိ ကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လယ်ယာမြေ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်ပင်ဖြစ်ပြီး ဥပဒေ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဂဃနဏ သိရှိနားလည်ရန်လိုကြောင်း၊ ဥပဒေကို ချိုးဖောက် ပါက ထိုက်သင့်သည့် အရေးယူဆောင်ရွက်ခြင်းကို ခံယူရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မြေများတွင် အပြည့်အဝစိုက်ပျိုးရန်လို အပ်မည်ဖြစ်ကြောင်း။

ဝန်ကြီးဌာနများအနေဖြင့်လည်း ဝန်ကြီးဌာနပိုင် အဆောက်အဦများ၊ မြေများ နှစ်ရှည်ငှားမည်ဆိုပါက အစိုးရထံ မူအားဖြင့် သဘောတူညီမှုယူရမည်ဖြစ်ပြီး နှစ်ရှည်ကိစ္စဖြစ်ပါက MIC သို့ ခွင့်ပြုချက်တင်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကာလ တိုငှားရမ်းခြင်းများကို လုပ်ပိုင်ခွင့်အဖြစ်ပေးထားခြင်းမဟုတ်သော်လည်း လုပ်ဆောင် မည်ဆိုပါက ဆောင်ရွက်၍ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင်မှုများ ပြောင်းလဲ မည် ဆိုပါကလည်းတင်ပြရန်လိုကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေငံငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း များဆောင်ရွက်နိုင်သဖြင့် မွေးမြူရေးသိပ္ပံကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး ရေငံငါးနှင့် ပုစွန်မွေးမြူရေးဆိုင်ရာ ဘာသာရပ်များ ထည့်သွင်းသင်ကြားပို့ချနိုင်ရေး ဆောင်ရွက် သွားရန်၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် အလားလာရှိသည့် လက်ဖက်၊ ကော်ဖီ၊ မက်က ဒေးမီးယား၊ သီဟို၊ ထောပတ်၊ ကိုကိုး စသည့်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင် ရေး ပညာရှင်များနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  ပညာရေး နှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း လေးသောင်း သုံးထောင်ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ရှစ်သန်းကျော်ကျောင်း အပ်နှံခဲ့ပါကြောင်း၊ ယခင်ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများထက် တစ်သန်း ကျော် ပိုမိုသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူ များအားလုံး ပညာသင်နှစ်ပြီးဆုံးသည် အပြည့်အဝကျောင်းတက်နိုင်ရေးနှင့် အဆင့်လိုက် အတန်း ကူးပြောင်းမှုရာခိုင်နှုန်း မြင့်မားရေးအတွက် သက်ဆိုင်ရာအလိုက် ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနသာမက အခြားဝန်ကြီးဌာနများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ထို့ပြင် ကျောင်းများနှင့်  ဆရာ၊ ဆရာမများ လုံခြုံမှုရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါ ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်မြင့်မားရေးအတွက်  စာသင်ကျောင်း များ၏ ဥပဓိရုပ်ကောင်းမွန်ရန်နှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက် ဝန်ကြီးဌာနအလိုက်  ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ယခုအခြေခံ ပညာကျောင်းများသည် KG+12 အထိရှိသဖြင့် ကျောင်းများအဆင့်မြှင့်တင်ရာတွင် သတ်မှတ်ထားသည့် မြေနေရာအကျယ်အဝန်းနှင့် ကျောင်းအင်္ဂါရပ်များပြည့်စုံ ကောင်းမွန်စေရန် ကြိုတင်စီမံဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းသုံး ပရိဘောဂများကိုလည်း တစ်နိုင်ငံလုံးအနေဖြင့် တစ်ပြေးညီဖြစ်စေရန် တစ်ဆင့်ချင်းအလိုက် ပြုပြင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ် ကြောင်း။

ဝန်ကြီးဌာနများအလိုက်  ငွေလုံးငွေရင်းအသုံးစရိတ်နှင့် သာမန်အသုံးစရိတ် များ ကို သုံးစွဲရာတွင် အလွဲသုံးစားမှုများမရှိရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသုံးစရိတ် များကိုသုံးစွဲရာတွင်  အမှန်တကယ်သုံးစွဲရမည့် ကိစ္စရပ်များကိုသာ သုံးစွဲကြရန်နှင့် မသုံး စွဲသင့်သည်များကို မသုံးစွဲရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြည်လည်ထူ‌ထောင်ရေးဆောင်ရွက်ရာတွင် အများနှင့်သက်ဆိုင်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ရုံးဌာန အဆောက်အဦများကို ဦးစားပေးအနေဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ဆောက် ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

တိုင်းပြည်ဝင်ငွေရရှိရေးနှင့်ပတ်သက်၍ အခွန်အခများ ပြည့်ပြည့်ဝဝမှန်မှန် ကန်ကန်ရရှိရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထွက်ကုန်ပစ္စည်းများ ပေါများစွာ ထုတ်လုပ်နိုင်ရေးကိုလည်း ဝိုင်းဝန်ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပဈေး ကွက်ခိုင်မာစွာတည်ရှိသည့်  ပြောင်း၊ နှမ်း၊ မတ်ပဲ၊ ကုလားပဲ ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း စသည့်သီးနှံများကို တိုးချုဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်ပြီး ထုတ်ကုန်များကို တိုးတက်အောင်ထုတ် လုပ်နိုင်ပါက တိုင်းပြည် ဝင်ငွပိုမိုရရှိမည်ဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေလိုအပ်ချက် ကိုလည်း အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလို ကြောင်းဖြင့်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။