နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာန အသီးသီးမှ အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာန အသီးသီးမှ အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇွန် - ၁၆

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး၊ ဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာန အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အရာရှိငယ်များ တက်ရောက်ကြသည်။

တပ်မတော်နှင့် အမျိုးသား နိုင်ငံရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာန အသီးသီး တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တပ်မတော်နှင့် အမျိုးသား နိုင်ငံရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ တစ်ဦးချင်းတာဝန်ထမ်းဆောင်မှု စသည်တို့နှင့် ပတ်သက်၍ မှန်မှန်ကန်ကန်သိရှိနားလည်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ နိုင်ငံတော် ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခြေအနေများ တူညီမှုမရှိကြဘဲ နယ်ချဲ့နိုင်ငံများ၊ ကိုလိုနီပြုခြင်း ခံခဲ့ရသည့်နိုင်ငံများနှင့် ကိုလိုနီပြုခြင်းမခံခဲ့ရသည့် နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိ ကြောင်း၊ နိုင်ငံ၏ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အမျိုးသားနိုင်ငံရေးပင်ဖြစ်ကြောင်း၊ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးမှာ သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်လာခဲ့သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် တို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိပြီး ဒေသအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိကြကြောင်း၊ သွင်ပြင်လက္ခဏာ၊ ယဉ် ကျေးမှု၊ ထုံးတမ်းစဉ်လာများ တူညီမှုမရှိကြဘဲ တောင်တန်းဒေသနှင့် ပြည်မဒေသတို့ သည် ရာသီဥတု၊ မြေအနေအထား၊ လမ်းပန်းဆက်သွယ်မှု၊ ပညာရေးနှင့် ကူးလူးဆက်ဆံ မှုများ ကွာခြားမှုရှိသဖြင့်တပြေးညီတိုးတက်ခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခင်ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်က ဘုရင်များ၏ ဩဇာသက်ရောက်မှုအပေါ်မူတည်၍ ကွာခြားမှုရှိခဲ့ကြောင်း၊ ကိုလိုနီပြုခြင်းခံခဲ့ရချိန်တွင်လည်း ပြည်မတွင်ရှိသည့် တိုင်ရင်းသား များနှင့် တောင်တန်းဒေသရှိ တိုင်းရင်းသားများ ကွဲပြားခြားနားမှုရှိ အောင်နယ်ချဲ့တို့က ဆောင်ရွက်ခဲ့ကြောင်း၊  မိမိတို့နိုင်ငံသည် အင်္ဂလိပ် - မြန်မာစစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး နောက် ကိုလိုနီလက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအောက်ပိုင်း ဒေသများသည် ကိုလိုနီလက်အောက်တွင်ပိုမို ကြာရှည်စွာ နေခဲ့ကြရကြောင်း၊ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲပြီးနောက် ၎င်းဒေသများသည် အင်္ဂလိပ် အုပ်ချုပ်မှုပုံစံကိုကျင့် သုံးခဲ့ကြပြီး ထိုအချိန်၌ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဘုရင်စနစ်ကို ကျင့်သုံးနေ ဆဲဖြစ်ကြောင်း၊ အုပ်ချုပ်မှုပုံစံ ကွဲပြားခြားနားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုလိုနီလက် အောက်သို့ ကျရောက်ချိန်တွင် ၎င်းတို့၏ တောင်တန်း-ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်စေခဲ့ကြောင်း၊ ကိုလိုနီလက်အောက်မှ ရုန်းထွက်ချိန်တွင် ပညာတတ်များနည်းပါးခြင်းနှင့် စုစည်းညီညွတ်သည့် အားများ နည်းပါးမှုများရှိခဲ့၍ လွတ်လပ်ရေးကို ခက်ခဲစွာကြိုးပမ်းရယူခဲ့ရကြောင်း။

တပ်မတော်သားများသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေသူ များ၊ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်သည့်အတွက် ခေတ်အဆက် ဆက် နိုင်ငံ၏သမိုင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်ကြောင်း၊ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားမှသာ မိမိတို့၏ အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏သမိုင်းကြောင်းမှ သင်ခန်းစာများကို ဖော်ထုတ် ပြီး နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ အရေးပါပုံနှင့် ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းများကိုလည်း အမြဲမပြတ်သိရှိနားလည်နေရန်လည်းလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်းသိရှိနေရမည်ဖြစ်ပြီး ဆက်လက် ၍လည်း မျက်ခြည်မပြတ် လေ့လာသွားရန်လိုကြောင်း။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

        မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကိုမှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ် ကြောင်း၊ သမိုင်းကြောင်းကိုလေ့လာကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့ စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေး သည် တတိယ ဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြု ပြည်ပြုလွှတ်တော်က အတည်ပြု ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)ကို ကျင့်သုံးခဲ့ကြောင်း၊ မိမိတို့တိုင်းပြည်သည် ကိုလိုနီဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် အများစုတွင် နိုင်ငံရေးအယူအဆကွဲပြားမှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၌ ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက် တော်လှန်ရေးကောင်စီ၏ မူဝါဒ သဘောထား ကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်းမှတ်တမ်းများ၌ တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရအခက်အခဲနှင့် သမိုင်း ကြောင်းများအပြင် စီးပွားရေးအရအခက်အခဲနှင့်သမိုင်းကြောင်းများကြောင့် ဖြစ်ကြောင်း။

        ထိုသို့ အခက်အခဲ၊ အကြပ်အတည်းများ ဖြစ်ပေါ်နေမှုကို တပ်မတော် ခေါင်းဆောင် များက သတိထားတွေ့မြင်ခဲ့ပြီး တိုင်းပြည်၏ အနာဂတ်အရေးအတွက် မျှော်တွေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထို့နောက် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့ပြီး နိုင်ငံ တော်၏စီးပွားရေးအခန်းကဏ္ဍကို ပြည်သူတို့လက်ဝယ်တွင် ရှိစေရေးအတွက် ဆောင်ရွက် ခဲ့ရသည်များရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက် တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံရေးပဋိပက္ခများထက် စီးပွားရေးကျ ဆင်းခဲ့ရမှုများကြောင့် အခြေခံပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်း နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေး တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ရကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းသို့ သွားနိုင်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာတွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို မြေတောင်မြှောက်ပေးခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု လိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ကြောင်း။

        ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီမှ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် တပ်မတော်အနေဖြင့် ဖြတ်သန်း တွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့် လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကြပ်အတည်းများစွာ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်မှ ကူညီဖြေရှင်းပေးခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ် ကြိမ် ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲတွင် မရိုးသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်း   ဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့် အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ် ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်း နေသည့်၊ ပြည်သူလူထုမှ လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေး အတွက်သာဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှ သွေဖယ်အောင် ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာ တွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိရန်လိုကြောင်း။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို အခက်အခဲ၊ အကြပ်အတည်းများကြားမှ ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်လာ အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက်အား မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

တစ်ဦးချင်း၏ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍  ရည်မှန်းချက်များ မပျောက်ပျက်အောင် အလေးထား ဆောင်ရွက်သွားရန်လို

        တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်သားတိုင်းသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်များ မထိခိုက် အောင် နေထိုင်ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက်များ မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး တိုးတက်မှုများ ဖြစ်ပေါ်ရေးအတွက် အဓိက လိုအပ် ချက်သည် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ်လေ့လာအားထုတ် ကြိုးစား လုပ်ဆောင်ခြင်းပင်ဖြစ် ကြောင်း၊ မိမိဘဝအတွက် အကျိုးဖြစ်စေမည့် စာပေဗဟုသုတ၊ ဘာသာစကားနှင့် နည်း ပညာပိုင်းဆိုင်ရာ များကို လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ ထို့ပြင် သင့်တင့်လျောက်ပတ်သည့် ကိုယ်ခန္ဓာသွင်ပြင်နှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရေး အတွက်လည်း ညီညွတ်မျှတသည့် နေထိုင် စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှား မှုရှိရမည်ဖြစ်ကြောင်း၊   

မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာ၌ မိမိကိုယ်ကို သစ္စာရှိရ မည်၊ မိမိအလုပ်ကို သစ္စာရှိရမည်၊ မိမိ မိသားစုကို သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာ ရှိရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်ခံယူချက် မြင့်မားရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် မိမိတို့ဘဝတိုးတက်ရေး အတွက် ရည်မှန်းချက်များရှိကြကြောင်း၊ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ရည်မှန်း ချက်တာဝန်များကိုဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ် ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။