နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ဥက္ကဋ္ဌ Mr. Peter Maurer အားယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံ၌ ရှေးယခင်ကတည်းကပင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ COVID-19 ရောဂါမဖြစ်ပွားမီ ကာလက လုပ်ဆောင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နိုင် မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် ဥပဒေဆိုင်ရာသင်တန်းများတွင် (ICRC)နှင့် ပတ်သက်သည့် သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများရရှိခဲ့ပြီး ဆက်လက်၍ လည်း တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီကော်မတီ(ICRC) ဥက္ကဋ္ဌနှင့်အတူ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Cipolla ၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။