နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး ဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant General Igor MISHUTKIN) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံ စစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်တကွ အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆို ပါကြောင်းဖြင့် ဦးစွာ ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး က ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက် ဆိုင်ရာတက္ကသိုလ်မှ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက် ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်းသားများစေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံ တပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှု တို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) ၏ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ (Honorary Professor of the Russian Military University) ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက် တွင်  ချီးမြှင့်အပ်နှင်းပေးအပ်နိုင်ခဲ့သည့်အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင် ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုလက်ရှိတွင် ဘာသာစကားသင်တန်းများကိုလည်း သင်ကြားပေး လျက်ရှိပြီး မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၌ မြန်မာဘာသာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးစေ လိုမှုအခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တို့သည် ပြည်သူက ပေါက်ဖွားလာသည့် တပ်မတော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြော ကြားခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။