နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ- ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ- ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို ပြည့်စုံ အောင်မြင်အောင် ကြိုးပမ်းစွမ်းဆောင်ပေးခဲ့ကြသည့် မြန်မာ့မီးရထားမှဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြု

နေပြည်တော်၊ အောက်တိုဘာ - ၂၂

ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ဘူတာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် အခမ်းအနားကျင်းပပြုလုပ်မည့် တောင်ကြီးဘူတာသို့ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ တို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အထိမ်း အမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ မီးရထားက ရှမ်းပြည်နယ်အတွင်း အရှည်(၂၁ ဒသမ ၇၂)မိုင်ရှိသည့် ရွှေညောင်-တောင်ကြီးရထား လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများပြီးစီးမှုနှင့်အတူ အရှည်(၁၀ ဒသမ ၇၈)မိုင်ရှိသည့် နောင်ကား လမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းသစ် ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနားဖြစ်သဖြင့် ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသား ပြည်သူ များအတွက်ရော၊ တစ်နိုင်ငံလုံးမှ မြန်မာပြည်သူများ အားလုံးအတွက်ပါ မင်္ဂလာအပေါင်း နှင့် ပြည့်စုံပြီး ထူးထူးခြားခြား ဂုဏ်ပြုမှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မင်္ဂလာနေ့မြတ် အခါသမတွင် ယခုဖွင့်ပွဲကို တက်ရောက်လာကြသူများ၊ ဒေသခံ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေကြောင်းနှင့် မြန်မာ့မီးရထား၏ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါ ကြောင်း။

အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ်

ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သမိုင်း၏ အထင်ကရဇာတ်ကောင်တစ်ဦး ဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transport)နှင့် ပတ်သက်လာပါက ပထမဦးဆုံးနှင့် ရှေးအကျဆုံး Transport Mode တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဆိုပါက နှစ်ပေါင်း(၁၄၆) နှစ်ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သည့်အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင် သည့် နိုင်ငံလည်းဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လမ်းပန်း ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အလွန်အရေးပါသည့် ကဏ္ဍကြီး တစ်ရပ် ဖြစ်ပါကြောင်း၊ ဒီထက်ပိုပြီးပြောရမည်ဆိုပါက အခြေခံလူတန်းစား ပြည်သူ အများစုကြီး အားကိုးအားထား အသုံးပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်း သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊  မြန်မာ့မီးရထား အနေနှင့် ခေတ်စနစ်ပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားခဲ့ပြီး ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တစ်ခါမြင့်တစ်လှည့် အောင်မြင်မှု၊ ဆုံးရှုံးမှုများစွာကို ဖြတ်သန်းခဲ့ရသည့်အတွက် ယနေ့အချိန်တွင် အတွေ့အကြုံ ရင့်ကျက် သည့်ဌာနကြီးတစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်ပါကြောင်း၊အထူးသဖြင့် စရိတ်စက သက်သက် သာသာဖြင့် ခရီးသည်အများအပြားကို သက်တောင့်သက်သာဖြင့် လိုရာခရီးကို ပို့ဆောင် ပေးနိုင်သကဲ့သို့ ကုန်စည်အမြောက်အများကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသ အသီးသီးကို စရိတ်ကျဉ်းကျဉ်းဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ခြင်းသည် မြန်မာ့ မီးရထား၏ထင်ရှားသည့် အားသာချက် ဖြစ်ပါကြောင်း။

ရထားလုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ရထားသည် ကားနှင့်နှိုင်းယှဉ်ပါက တူညီသောကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီ လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာ ကုန်ကျသည့် အတွက် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ပါးသက်သာ စေသကဲ့သို့ ခရီးသည်နှင့် ကုန်စည်အမြောက်အများ သယ်ယူပို့ဆောင်နိုင်သည့် အတွက် ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်နေသည့် မြို့ကြီးများ၌ မဖြစ်မနေအားထားအသုံးပြု နေရသည့် အားသာချက်ကြောင့် ရထားလုပ်ငန်း ဆက်လက်ရှင်သန်နိုင်ရေး အတွက် နိုင်ငံအစိုးရအသီးသီးက နည်းအမျိုးမျိုးဖြင့် ပံ့ပိုးထောက်ကူပေးထားကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း။

ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူပြီးသည့်နောက်တွင် ရထားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခင်အစိုးရလက်ထက် မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများအတွက် လိုအပ်မည့် စီမံကိန်းအသစ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ မိမိကိုယ်တိုင် တာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် ပံ့ပိုးဖြည့်ဆည်းမှာကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရထားလမ်းများကြံ့ခိုင်ကောင်းမွန်အောင်ပြုပြင်ထိန်းသိမ်း ဆောင်ရွက် ရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာပြီး ရေရှည်အတွက် မျှော်မှန်းစဉ်းစား ဆောင်ရွက်ရန်၊ ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိက အားထားအသုံးပြုပြီး နည်းပညာများ တိုးတက်လာအောင် ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်း နှင့် တွဲများတည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို တစ်ဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက်နိုင်ရန် သုတေသနပြု၊ နည်းပညာများလေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန် စသည်များကိုမှာကြားထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရနိုင်သမျှ ဘဏ္ဍာငွေများကိုအသုံးပြုပြီး ရထား လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ ရထားတွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တွဲသစ် များ တည်ဆောက်တပ်ဆင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်း များကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဖြည့်ဆည်း ဆောင်ရွက်ပေး မှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ်ယနေ့ ဒီရထားလမ်းပိုင်းအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ ခြင်းပင်ဖြစ်ပါ ကြောင်း။

ယခုအခါ တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲ ဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီးပင်းပက်အထိ အရှည်(၁၀.၇၈)မိုင်ကို အောင်မြင်စွာ တိုးချဲ့ ဖောက်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါရထားလမ်းပိုင်းအသစ် ဖောက်လုပ် ခြင်းနှင့်အတူ လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်- တောင်ကြီး ရထားလမ်း ပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် အကျိုးရှိစွာအသုံးမပြုနိုင်ပါကြောင်း၊ ထို့ကြောင့်  ရထားလမ်းကွေ့နှင့် ဆင်ခြေ လျှောများ ပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရန်၊ ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့် သယ်ယူပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ရထားလမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို တပါတည်း ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ပါကြောင်း။

ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲပေးသွားမည်ဖြစ်သည့်အတွက် ထင်ရှားမြင်သာသည့် အကျိုးရလဒ်ကို လက်တွေ့ခံစားနိုင် ကြတော့မည်ဖြစ်

အဆိုပါ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက် ဖွင့်လှစ် ခြင်းများ ဆောင်ရွက်ပြီးချိန်၌ ပင်းပက်သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာ အရောက် သက်သာလွယ်ကူစွာ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည့်အပြင် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ ဒေသတွင်းမှ ကုန်စည်များကို ရထားဖြင့် ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်ခြင်း၊ စက်မှုကုန်ကြမ်းများကို ကုန်ချော ထုတ်လုပ်ရာဒေသအရောက် လွယ်ကူစွာပို့ဆောင်ပေးနိုင်သည့်အတွက် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်သည့်ရထားပို့ဆောင်ရေးလုပ်ငန်းကို အသုံးပြုခြင်းအားဖြင့် တောင်တန်း ဒေသ၏ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်းနှင့် ဒေသတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒီနေ့ဖွင့် လှစ်သည့် ရွှေေညောင်-တောင်ကြီး-နောင်ကား လမ်းခွဲ-ပင်းပက် လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး -ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့်ကုန်စည် ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲပေးသွားမည်ဖြစ်သည့်အတွက် ထင်ရှားမြင်သာသည့် အကျိုးရလဒ်ကို လက်တွေ့ခံစားနိုင် ကြတော့မည် ဖြစ်ပါကြောင်း။

မြန်မာ့မီးရထားသည် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သည်နှင့်အညီခရီးသည် နှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာနှင့် လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင် ပေးရင်း နိုင်ငံတော်၏ဘက်စုံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်စေရန်၊ တစ်ချိန်တည်း၌ လူ၊ ပစ္စည်း၊ ငွေကြေးစသည့် ရှိရင်းစွဲအရင်းအမြစ်များကို လေလွင့် ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုပြင် ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်နေရသည့် ယနေ့ အချိန်အခါမျိုး၌ စီးပွားရေး ဆန်ဆန်ယှဉ်ပြိုင်နိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကိုကုန်ကျ စရိတ် သက်သာစွာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြင့် သယ်ယူပို့ဆောင်ပေး နိုင်သည့်လုပ်ငန်းကြီးတစ်ရပ် ဖြစ်လာစေရေးကိုလည်း မြန်မာ့မီးရထားဝန်ထမ်းတိုင်းက မျှော်မှန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့အဆင်ပြေရေး၊ မတော်တဆမှုများ လျော့နည်းပပျောက်ရေး၊ ရထားများအချိန်မှန်ကန်ရေး၊ ရထားလမ်း များ ပိုမိုတောင့်တင်းခိုင်မာရေး၊ ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး၊ စက်ခေါင်း နှင့်တွဲ ချွတ်ယွင်းမှုများ လျော့နည်းကျဆင်းရေး၊ ရထားဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်ရေး စသည့်ရည်မှန်းချက်များကို မြန်မာ့မီးရထား ဝန်ထမ်းအဆင့်အားလုံးက

တက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာဖြင့် မိမိကိုယ်ပိုင်စီးပွားရေးပမာ ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ကုန်သွယ်စီးပွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်သည့် အချက်အချာ ဒေသဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားပေါင်းစုံလူဦးရေ(၄)သိန်းကျော် မှီတင်းနေထိုင် သည့် မြို့တော်ကြီးလည်း ဖြစ်ပါကြောင်း၊ တောင်ကြီးဒေသကိုဗဟိုပြုပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည် ဆောက်ခြင်းတို့ကို ပြည့်စုံအောင်မြင်အောင် ကြိုးပမ်းစွမ်းဆောင်ပေးခဲ့ကြသည့် မြန်မာ့ မီးရထားမှဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းနှင့် နိုင်ငံပိုင် စီးပွား ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရှင်သန်ရပ်တည်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ကျေပွန်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်း များ အားလုံးကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရွှေေညောင်-တောင်ကြီး-နောင်ကား လမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရွှေညောင်-တောင်ကြီး-နောင်ကား လမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

ယင်းနောက် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ကို ကောင်စီတွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ရှမ်းပြည် နယ်ဝန်ကြီးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ် ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအိုးစည်များတီးခတ်၍ ရှမ်းရိုးရာအကအလှများ ဖြင့်လည်းကောင်း၊ ကျောင်းသားကျောင်းသူများက ဘင်ခရာတီးဝိုင်း၊ ပန်းပွားအကအလှ များဖြင့်လည်းကောင်း ဂုဏ်ပြုတီးမှုတ်ကပြကြသည်။

၎င်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီးဘူတာမှ ပင်းပက်ဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထား စက်ခေါင်းနှင့် တောင်ကြီးဘူတာမှ ပေါမူဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားစက်ခေါင်း တို့အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့ ဒေသခံတိုင်းရင်းသားရိုးရာအကအလှအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တောင်ကြီးဘူတာမှ ပင်းပက်ဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားတွဲဆိုင်း စတင်ထွက်ခွာမှုအား ကြည့်ရှုအားပေးပြီး ရထားပေါ်တွင် စီးနင်းလိုက်ပါ သွားကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား လက်ဝှေ့ယမ်းပြ နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများသည် တောင်ကြီးဘူတာမှ ပေါမူဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားတွဲဆိုင်းပေါ်တွင် အတူတကွ လိုက်ပါစီးနင်းခဲ့ ကြပြီး တောင်ကြီးမြို့အား ရထားပေါ်မှ မြင်တွေ့ရသည့် အလှအပများ၊ တောင်ကြားလမ်း များ၊ ရထားလမ်းကြောင်းတစ်လျှောက်မြင်တွေ့ရသည့် သဘာဝရှုခင်းအလှအပများ၊ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများ၊ ထီသိမ်ဘူတာအနီး၌ ထည့်သွင်းဖောက်လုပ်ထား သည့် ရထားလမ်းအဝိုင်းပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထား လမ်းနှင့် တံတားပုံစံအတိုင်း ထည့်သွင်းတည်ဆောက်ထားရှိမှုများ၊ ရထားလမ်းပိုင်းနေရာ အချို့အား ကျောက်သားမြေနံရံများ၊ ကျောက်တောင်များကို ဖြတ်တောက်တူးဖော်၍ ကျောက်တောင်ကြားလမ်းပိုင်းရှည်နေရာများကို ခက်ခက်ခဲခဲ ကြိုးပမ်းဖောက်လုပ်ထားရှိ မှုများကို ကြည့်ရှုခဲ့ကြပြီး လမ်းကြောင်းတစ်လျှောက်မှ ဒေသခံပြည်သူများ၏ ရင်းရင်း နှီးနှီးနှုတ်ဆက်မှုကို လက်ဝှေ့ယမ်းပြ ပြန်လည်နှုတ်ဆက်သည်။

ထိုသို့ စီးနင်းလိုက်ပါစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ပြည်နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဒေသခံတိုင်းရင်းသားများက အိုးစည်းဗုံမောင်းများ တီးမှုတ်၍ ဂါရဝပြု ပြန်လည်နှုတ်ဆက်ကြသည်။ ထို့ပြင် မြန်မာ့မီးရထားမှ ဝန်ထမ်းများကလည်း ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ပြည်နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များစီးနင်းလိုက်ပါလာသည့် ရထားတွဲသည် ပေါမူဘူတာသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရထားလမ်းပိုင်း ပြေးဆွဲပေးနိုင် မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

မြန်မာ့မီးရထားအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိသည့် ရထားလမ်း ကွန်ယက်တစ်လျှောက် ပြည်သူများခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည်များအား နေရာဒေသအနှံ့ပို့ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မူဝါဒနှင့်အညီ စီစဉ်ပြေးဆွဲပို့ဆောင် လျက်ရှိကြောင်း၊ ယနေ့တွင်ဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းကိုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ပင်းပက်သို့ အရှည်(၁၀ ဒသမ ၇၈)မိုင်ကို တိုးချဲ့ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်း အတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးအကြား ရထားလမ်းပိုင်းကို ရထားလမ်း ကွေ့နှင့် ဆင်ခြေလျှောပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်နိုင်ရန် ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ် ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းတွင် ခရီးမိုင်(၄၁ ဒသမ ၁၆)မိုင် တံတားကြီး၊ တံတားငယ်(၁၂၉) စင်းနှင့် ဘလောက်ဘူတာ(၉)ဘူတာ ပါဝင်ကြောင်း၊ ယခုကဲ့သို့ ရထားလမ်းပိုင်း အဆင့် မြှင့်တင်ခြင်းနှင့် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည့်အတွက် မီးရထားလမ်းကြောင်းမှ ဒေသ ထွက် ကုန်စည်များကို ကျန်ကျစရိတ်သက်သာစွာ၊ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ ဆောင်ပေးနိုင်မည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်သော ရထားပို့ ဆောင်ရေးကို အသုံးပြုခြင်းဖြင့် တောင်တန်းဒေသ၏ သဘာဝပတ်ဝန်းကျင်ရေရှည်တည် တံ့ရေးနှင့် ဒေသတွင်းလူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။