နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း မြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့မိ မြို့ဖများအား  ဟိုင်းကြီးကျွန်းရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာ ရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိ၊ မြို့ဖ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ဟိုင်းကြီးကျွန်းဒေသသည် သမိုင်းကြောင်းအစဉ်အလာ ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများစွာ ကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း၊ ပုသိမ်ဆိပ်ကမ်းတွင် ယခင်က ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်သွားလာခဲ့ကြပြီး နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ရေကြောင်းတိမ်ကောသွားခဲ့ပြီး ဝင်ထွက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဟိုင်းကြီးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွားလာမှုအဆင်ပြေစေရေး အတွက် များစွာဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများကို ဆောင်ရွက်ပေးခဲ့ပြီး ပညာရေးပိုင်းဆိုင်ရာများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိ၏ ရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ဒေသခံများ ပညာရည်မြင့်မား တိုးတက်စေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ သားတိုင်း KG+9 ပြီးမြောက်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်၏ တာဝန်များကိုထမ်းဆောင်ခဲ့ရမှု

၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်း ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုအပ်သည့်အခြေအနေများနှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိ စေရေး လူတိုင်းမဲပေးရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ ကြောင်း၊ သို့သော် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုကာလများနှင့် ရွေးကောက်ပွဲ ကာလများတွင်လည်း မဲမသမာမှုများဖြစ်ပေါ်စေနိုင်မည့် လုပ်ဆောင်ချက်များကို တွေ့ရှိခဲ့ ရကြောင်း၊အဆိုပါကာလတွင်အစိုးရ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍သည့် ဆောင်ရွက် ချက်များမှာ သံသယဖြစ်ဖွယ်တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် ရွေးကောက်ပွဲ အကြို ကာလ ကြိုတင်မဲပေးချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကိုအကြောင်းပြ၍ မဲမသမာမှုများ ပြုလုပ်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ရွေးကောက်ပွဲရလာဒ်များ ထွက်ပေါ်လာသည့်အချိန်တွင် မဖြစ်နိုင်ဖွယ်ရာ မဲစာရင်း ကွဲလွဲမှုများကို တွေ့ရှိရသည့် အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် မဲစာရင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းကြီးမားစွာ ကွဲလွဲမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် မိမိတို့အနေဖြင့် တာဝန်ရှိသူများကို အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန်အထိ ဆောင်ရွက်လာခဲ့ခြင်းကြောင့် ယခုအခြေအနေ ထိ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း။

နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများကို မိမိတို့ အနေဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ အစပိုင်းတွင် ဆူပူမှုများသာရှိသော်လည်း နောက်ပိုင်းတွင် အကြမ်းဖက်ခြင်း၊ လုယက် သတ်ဖြတ် ခြင်းများ အထိဖြစ်ပေါ်လာကြောင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အကြမ်းဖက်လုပ်ရပ် များကိုလုပ်ဆောင်နေသည့် အကြမ်းဖက်သမားများကို မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ  ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု ရှိသဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တပ်မတော်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူလူထုတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များကို တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း။

ရေခံမြေခံကောင်းမွန်ပြီးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပိုမို တိုးတက်အောင်ဆောင်ရွက်ရန်လို

ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံများကောင်းမွန်ပြီး  ငါးမွေးမြူရေး လုပ်ငန်းများအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကိုလည်း ခရိုင်အားလုံး၌ အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်တွေ့ရှိရကြောင်း၊ ယခုထက်ပိုမိုကြိုးစား ဆောင်ရွက်သွားမည်ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက် ပေးရန်လိုကြောင်း၊ အစိုးရတစ်ရပ်သည် ပြည်သူလူထုတို့၏ လူမှုအကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များကို တစ်ဦးချင်းစီ၏ တာဝန်များအလိုက် အောင်မြင် အောင် လုပ်ဆောင်၍ အလုပ်ဖြင့်သက်သေပြနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ စတင် တာဝန်ယူစဉ်ကာလက နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလျက်ရှိသည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် လက်ရှိ အချိန်တွင် နိုင်ငံ့စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင် စုတည်ဆောက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသား ရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အခက်အခဲများရှိနေသေးကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပရာတွင် ပြည်သူလူထုက လက်ခံသည့် သိက္ခာရှိသည့်ရွေး ကောက်ပွဲကို ကျင်းပနိုင်ရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ့ တာဝန်ထမ်းဆောင်နေသူများအနေဖြင့်လည်း ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဟိုင်းကြီးကျွန်း မြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။