နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရခိုင်ပြည်နယ် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရခိုင်ပြည်နယ် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ မှုထန်၊  ပြည်ထောင်စုဝန်ကြီး များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာ ရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက် လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်မှုဆိုင်ရာ သင်တန်း များ ဖွင့်လှစ်လျက်ရှိမှု၊ One Village One Product လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ရင်းနှီးမြှုပ်နှံ မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင် ရောက်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊  MSME လုပ်ငန်း ရှင်များအတွက် ချေးငွေများထုတ်ချေးပေးထားမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ပေးထားရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ ကျင်းပပြုလုပ် လျက်ရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး၊ ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်၊ ရခိုင်ပြည်နယ်ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်အေးမောင်၊ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းဝင်း နှင့် တက်ရောက်လာကြ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက  နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အချိန်လိုအပ်ချက်ကြောင့် အခက်အခဲရှိမှု၊ နယ်စပ် ကုန်သွယ်ရေးအတွက် ဆိပ်ခံတံတားတည်ဆောက်ပေးစေလိုမှု၊ ကုန်သွယ်မှု အတွက် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများဖောက်လုပ်ပေးစေလိုမှု၊ ကမ်းရိုး တန်းသွား ကုန်သွယ်ရေးသင်္ဘောများ ပြေးဆွဲပေးစေလိုမှု၊ ဘဏ်စနစ်များကို ပြည်ပ နိုင်ငံများနှင့် တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုပေးရန် လိုအပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအတွက် စက်မှုဇုန်များ ခွင့်ပြု ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နွေစပါးစိုက်ပျိုးမှု နည်းပါးပြီး ယခုအခါ တောင်သူများအနေဖြင့် နွေစပါး စိုက်ပျိုးလိုမှုများပြားလာခြင်းကြောင့် လိုအပ်သည့် စိုက်ပျိုးရေများရရှိအောင်ဆောင်ရွက်ပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ သွင်းအားစုနှင့် အခြား လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ ဆီစက်လုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ရင်း နှီး မတည်ငွေများ လိုအပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ဆားလုပ်ငန်းများ ဆောင် ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်နိုင်မှု၊ ဈေးကွက်လိုအပ်ချက်အရ ဆားလိုအပ်ချက်များ ပိုမို များပြားလာသည့်အတွက် ဆားကောင်းဆားသန့်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ် သည့် ရင်းနှီးမတည်ငွေများ ပံ့ပိုးကူညီပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း အများအပြား ပေါက်ရောက် ဖြစ်ထွန်းသည့် ဓနိပင်မှ အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များ ကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက  ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတော်မှ MSME  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက် လျက်ရှိမှုနှင့် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထိုက်သင့်သောအတိုးနှုန်းများဖြင့် ထုတ် ချေးပေးလျက်ရှိမှု၊ တင်ပြချက်များတွင်ပါဝင်သည့် ရင်းနှီးမတည်ငွေများကိုလည်း သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်သဖြင့် စနစ်တကျဆက်သွယ်ဆောင်ရွက်ပေးစေလိုမှု၊ ရခိုင်ပြည်နယ် အတွင်း စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့် လောင်စာဆီသုံး မြစ်ရေတင်လုပ်ငန်းများ များစွာကို ပြုလုပ်ထားရှိပြီးဖြစ်သော်လည်း စိုက်ဧက ယခုထက်ပိုမိုအကျိုးပြုနိုင်မည့် မြစ်ရေတင်လုပ်ငန်း၊ ချောင်းရေတင်လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များ ဖွဲ့၍ လိုအပ်သည်များ ကူညီပံ့ပိုး ပေးလျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း သစ်တောသယံဇာတများကို အကျိုးရှိစွာ ထုတ်ယူသုံးစွဲရန်နှင့် အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ပြုန်းတီးမှုမဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမဖြစ်စေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် လည်း လိုအပ်မှု၊ အရည်အသွေးမြင့်ဆားများကို ပြည်ပမှ တင်သွင်းနေရမှုအား လျှော့ချ နိုင်ရေးအတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ ဆားလုပ်ငန်း ရှင်များအနေဖြင့် မိရိုးဖလာဆားထုတ်လုပ်မှုနည်းစနစ်များထက် နည်းစနစ်တကျ အရည်အသွေးမြင့် ဆားများ ထုတ်လုပ်သည့် နည်းစနစ်များကို အသုံးပြုကြရန် လိုအပ် မှု၊ MSME လုပ်ငန်းများအတွက် နည်းပညာလိုအပ်ချက်များအတွက် သင်တန်းများ ပို့ချ ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် ချိတ် ဆက်ဆောင်ရွက်နိုင်မှု၊ တရားမဝင်ကုန်သွယ်မှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုကို များစွာ ထိခိုက်နစ်နာစေနိုင်သည်ဖြစ်သဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြ ရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည် ဆွေးနွေး ပြောကြားကြသည်။

ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေး တို့အတွက် လိုအပ်သည် များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေ များ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေ ကျပ် ၁၀ ဘီလီယံ ကို ထုတ်ပေးခဲ့ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် အားပေးဆောင်ရွက်ကြရန် လိုကြောင်း။

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရပြီး ယခင်က ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးမှုမရှိခဲ့ခြင်းကြောင့်လည်း အခက်အခဲများ ပိုမိုတွေ့ကြုံခဲ့ ရကြောင်း၊ ယခင်က မိမိတို့နိုင်ငံသည် ပြည်ပမှ ထောက်ပံ့မှုများ ချေးငွေများကို အလွန် အမင်းအားကိုး၍ ရပ်တည်ခဲ့သည်ကို တွေ့ရှိရကြောင်း၊  ထို့ကြောင့် နိုင်ငံ့စီးပွား ပြန် လည် တိုးတက်စေရေး မိမိတို့အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင် ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြကြောင်း၊ စီးပွားရေး မြှင့်တင်မှုများဆောင်ရွက်ရာတွင် ခိုင်မာသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက် ရန်လိုသဖြင့် ဒေသတွင်းရရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ကျေးလက်နေ ပြည်သူများ၏ စီးပွားရေးမှာ နိမ့်ကျလျက်ရှိသဖြင့် ၎င်းတို့၏ လူမှုဘဝတိုးတက်စေရေး ကျေးလက်ကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့ စီးပွားမြှင့်တင်ရေးကို အားပေးခြင်းပင်ဖြစ်

ပြည်တွင်း စီးပွားရေး တိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာ တွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုရမည် ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့ စီးပွားမြှင့်တင်ရေးကို အားပေးခြင်းပင်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ် ခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများကို ပေါများလာစေမည်ဖြစ်ပြီး ငွေကြေး လည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်ကုန်များတင်ပို့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ဒေသထွက်ကုန်များနှင့် သယံဇာတများကို အကျိုးရှိရှိအသုံးချပြီး ဒေသနှင့် ဒေသခံများ၏ အကျိုးစီးပွား တိုးတက်စေမည်

ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး သဘာဝ သယံ ဇာတများလည်း များစွာကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊   ရခိုင်ပြည်နယ် အတွင်း ရာဘာကုန်ကြမ်းများ များစွာထွက်ရှိသဖြင့် ရာဘာကိုအခြေခံသည့် တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းသုံးစွဲမှုကို အထောက် အကူပြုမည်ဖြစ်ပြီး ပိုလျှံသည်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ် ကြောင်း၊ ပြည်တွင်း၌သုံးစွဲမှုများသည့် မော်တော်ကားတာယာနှင့် မော်တော်ဆိုင်ကယ် တာယာကဲ့သို့သော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှလည်း သားရေများထုတ်လုပ်၍ ရနိုင်ပြီး ရာဘာနှင့် သားရေကို အခြေခံသည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊  မိမိတို့နိုင်ငံအတွက် လိုအပ်သည့် စက္ကူများကို နှစ်စဉ်ပြည်ပမှ တင်သွင်း နေရခြင်းကြောင့် နိုင်ငံခြားငွေများစွာ သုံးစွဲရလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စက္ကူပျော့ဖက်များထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းဖြစ်သော ဝါးများရှိပြီးဖြစ် သဖြင့် စနစ်တကျဖြင့် အသုံးပြုကြစေလိုကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အုန်းပင်များ များစွာဖြစ်ထွန်းပေါက်ရောက်သဖြင့် အုန်းနှင့် အုန်းထွက်ပစ္စည်းများကို အောင်မြင်စွာထုတ်လုပ်နိုင်ကြောင်း၊ ပြည်နယ်အတွင်းရှိနေသည့် ကုန်ကြမ်းပစ္စည်းများ ကိုအသုံးပြု၍ စက်မှုထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့်ဒေသအတွက် များစွာအကျိုး ရှိမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုများအတွက် သွင်းအားစုများမဖြစ်မနေလိုအပ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများရရှိရေး မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများမှ တစ်ဆင့် ဇီဝမြေဩဇာများရရှိစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စုပေါင်း သမဝါယမစနစ်ဖြင့် စနစ်တကျမွေးမြူဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအောင်မြင် ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း။

ပညာရေး အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်ကို တည်ဆောက်

မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဖြစ်ကြောင်း၊ လူ၏ကြိုးစားအားထုတ်မှုဖြင့်သာ လုပ်ငန်းများအောင်မြင်နိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များရရှိစေရေး ပညာရေးကိုအားပေးရမည်ဖြစ်ကြောင်း၊ ပညာရေး နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းမှုများရှိခဲ့သဖြင့် ပညာရည်မြင့်မားရေး၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ များစွာ ပေါ်ထွန်းလာရေး ပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ယခင်က ရခိုင်ပြည်နယ်၏ ပညာရေးမှာ မြင့်မားခဲ့သည်ကို တွေ့ရှိရသော် လည်း နောက်ပိုင်းတွင် ကျဆင်းမှုများ ရှိခဲ့ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ နည်းပါးခြင်းကြောင့် ဖြစ်သည် ကိုတွေ့ရှိရကြောင်း၊ ပညာရေးအားနည်းမှုများသည် လုပ်ငန်းကျွမ်းကျင်မှုရှိသည့် လုပ်သားများဖြစ်သည့် ကျွမ်းကျင်လုပ်သား(Skill Labour)အရင်းအမြစ်များကိုနည်းပါး စေခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း များစွာနောက်ကျကျန် ခဲ့ရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင် စာရင်းအရ မိမိတို့နိုင်ငံ၏ ပညာရေးသည်  မဖြစ်မနေအားပေးမြှင့်တင်ဆောင်ရွက်ရမည်ကို သတိပြုဖွယ် တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်း ပညာရည်မြင့်မားရေးကို မိမိတို့အနေဖြင့် အလေးထား အားပေးဆောင်ရွက်လျက်ရှိ ကြောင်း။

လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဒေသအလိုက် ကျောင်းသားမိဘများနှင့် တာဝန် ရှိသူများအနေဖြင့် မိမိတို့၏ သားသမီးများ ပညာတတ်များဖြစ်စေရေး ပညာရေး ကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်များဖြစ်မှသာလျင် ၎င်းတို့၏ လူမှုဘဝ ရပ်တည်မှုများ မြင့်မားနိုင်မည်ဖြစ်သဖြင့် ကောင်းမွန်သည့် ပညာအမွေများ ပေးနိုင်ရေး မိဘများအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါများမှသာ နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ရရှိ မည်ဖြစ်သဖြင့် ကျောင်းသားမိဘများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပညာ ရည် မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေး ဆောင်ရွက်ကြစေလိုကြောင်း။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

ရခိုင်ပြည်နယ်သည် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများအတွက် အခြေခံ ကောင်းများရှိပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများတိုးတက်လာမည်ဆိုပါက ဒေသ ထွက် အစားအစာများနှင့် အသုံးအဆောင်များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်းချနိုင်ရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုများကို ဆောင်ရွက်ရာတွင် အရည် အသွေးကောင်းမွန်စေရန်နှင့် ထုပ်ပိုးမှုများကို အဆင့်မီအောင်ဆောင်ရွက်နိုင်ရန်လို ကြောင်း၊ ခရီးသွားများကိုဆွဲဆောင်နိုင်ရန်အတွက် မိမိတို့ဒေသသန့်ရှင်းသာယာလှပ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ မှသာ မျက်စိပသာဒဖြစ်စေမည်ဖြစ်ကြောင်း။

ဒေသတည်ငြိမ်အေးချမ်းမှသာ ကောင်းမွန်သည့် အနာဂတ်ကို လက်ဆင့်ကမ်းနိုင်မည်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်သင့်သည်များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရခိုင် ပြည်နယ်အတွင်း နေထိုင်သူ များ အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ လိုအပ် သည်များကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲပြန်လည် ကျင်းပ နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ထာဝရငြိမ်းချမ်းစေ ရေးဆောင်ရွက်နိုင်မှသာလျင် ဒေသခံနောင်လာနောက်သားများကို ကောင်းမွန်သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်များ၊ စီးပွားရေး ရည်မှန်းချက်များ ချမှတ်၍ဆောင်ရွက်လျက်ရှိပြီး အဆိုပါရည်မှန်းချက်များအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်လည်း ရခိုင်ပြည်နယ်တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလုံး တက်ညီ လက်ညီဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေး တိုက်တွန်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေး ရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။