နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၂/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာ ရေးနှစ်အတွင်း ယေဘုယျအားဖြင့် GDP အရ တိုးတက်မှုရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ခြုံငုံသုံးသပ်ကြည့်ပါက နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ခန့်မှစ၍ နိုင်ငံ့စီးပွားရေးကျဆင်း ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် ယခင်အနုတ်ပြခဲ့သည့် စီးပွားရေးမှ အပေါင်းလက္ခဏာသို့ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်မျှော်မှန်းသလောက် တိုးတက်မှု ရှိရန် လိုအပ်သေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက် ရန်မှာ ကုန်သွယ်မှုလုပ်ငန်းမှရငွေနှင့် ကုန်သွယ်မှုမဟုတ်သော လုပ်ငန်းများမှရငွေ ဟူ၍အပိုင်းနှစ်ပိုင်း ရှိမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများမှရငွေ၌ ထုတ်ကုန် ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သယံဇာတထုတ်ကုန်များ ထုတ်လုပ်ခြင်းဟူ၍ရှိမည်ဖြစ် ရာ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရေးသည် အရေးကြီးကြောင်း။

ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုပြုလုပ်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် ပြည်တွင်းထုတ်ကုန်များနှင့် သယံဇာတ ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ စာရင်းဇယားများ အရ တပ်မတော်အစိုးရလက်ထက် (၂၀၀၇ - ၂၀၀၈ ခုနှစ်) နှင့် ပါတီစုံဒီမိုကရေစီ အစိုးရလက်ထက် (၂၀၀၉-၂၀၁၀ ပြည့်နှစ်) များတွင် ပြည်ပကုန်သွယ်မှုများ မြင့်တက် ခဲ့သည်ကိုတွေ့ရကြောင်း၊ မိမိတို့အစိုးရသက်တမ်းတွင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု၌ အခြေခံအကျဆုံးနှင့် နိုင်ငံသူနိုင်ငံသားအများစုနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ခဲ့ကြောင်း၊ မိမိအနေဖြင့် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံပင်များ စိုက်ပျိုးမှုကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက် နိုင်ရေးတွန်းအားပေးကြပ်မတ်ခဲ့ ကြောင်း။

နိုင်ငံရေးအရ မိမိတို့နိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာပြုလုပ်ခဲ့သကဲ့သို့ မြေအောက်ထွက်ကုန်ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့နိုင်ခဲ့သော် လည်း ရရှိသည့် ငွေကြေးများသုံးစွဲ၍မရအောင်ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအခက်အခဲ များကြားမှ နိုင်ငံစီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ပြည်ပကြွေးမြီများကိုလည်း ၃ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း၊ ပြန်ဆပ်ငွေအများစုမှာလည်း ယခင် အစိုးရအဆက်ဆက် ချေးယူခဲ့သည့် အရင်းငွေများဖြစ်ကြောင်း။

စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် စိုက် ဧကတိုးချဲ့စိုက်ပျိုးခြင်း၊ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက် ခြင်း၊ သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းဟု အပိုင်း (၃)ခုရှိရာ မိမိတို့အစိုးရအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက် ခြင်းတို့ကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့်ပင် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို မြှင့် တင်နိုင်ကြောင်းကို အချို့သောခိုင်မာသည့်အချက်အလက်များဖြင့် ဥပမာပေးပြော ကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧကမှာ ၁၄ သန်းကျော်ရှိကြောင်း၊ မိုးစပါး တစ်ဧကအတွက်ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းမှာ တင်း ၁၀၀ ဖြစ်ကြောင်း၊ သို့သော် ၂၀၂၃-၂၀၂၄ ခုနှစ် အထွက်နှုန်းမှာပျမ်းမျှ ၇၈ တင်းကျော်ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ထက် ၂၂ တင်းခန့်လျော့နည်းကြောင်း၊ ထို့ကြောင့်စပါးတင်း သန်း ၃၀၀ ကျော်ခန့် လျော့နည်းထွက်ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ တန်ဖိုးသင့် တွက်ချက်ကြည့်ပါက ငွေကျပ် ဘီလီယံ ၇၀၀၀ ခန့် လျော့နည်းခဲ့သည်ကိုတွေ့နိုင် ကြောင်း၊ ၎င်းသည်ဥပမာတစ်ခုသာဖြစ်ကြောင်း၊ အလားတူ အခြားအဓိကစိုက်ပျိုး ထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ပဲမျိုးစုံနှင့် အခြားသီးနှံများလည်း ပန်းတိုင်အထွက် နှုန်းအတိုင်းထွက်ရှိအောင် လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး မြင့်မားစွာ တိုးတက်လာနိုင်ကြောင်း၊ ၎င်းအပေါ်တွင်ထပ်မံ၍ သီးထပ်စွမ်းအားတိုးချဲ့လုပ်ကိုင် နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများစွာ မြင့်မားလာ မည်ကို သတိပြုမိကြစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးနိုင်သည့် မြေများစွာရှိ သည့်အပြင် သီးထပ်စိုက်ပျိုးနိုင်သည့် မြေနှင့်ရာသီဥတုရှိသော နိုင်ငံဖြစ်ကြောင်း၊ ၎င်း အချက်နှစ်ချက်ကိုဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံအာမခံချက်ရှိ စေရေး (Food Security)ကဏ္ဍတွင် ထိုက်ထိုက်တန်တန်နေရာရရှိမည့် စိုက်ပျိုး ထုတ်လုပ်ရေးစွမ်းအားရှိသည့်နိုင်ငံ (Agriculture Power Country) အဖြစ် ရပ်တည် နိုင်မည်ဖြစ်သဖြင့် ကောင်စီဝင်များအားလုံးက အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြသည် ကိုတွေ့ရကြောင်း၊ အဆိုပါကျေးလက်နေပြည်သူများတွင် လယ်ယာ၊ သားငါးနှင့် သစ် တောကဏ္ဍကို ဆောင်ရွက်သူများမှာ ၄၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ကြောင်း၊ အလားတူကမ္ဘာပေါ် ရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ကိုဆောင်ရွက်နေကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ(Agro Base Industry)ကို တန်ဖိုးမြင့် ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ်များကို အသုံးချ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက် အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်ပြောင်းလဲ လာမည် ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက် ရန်လိုကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာ ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာမည်ဖြစ်ကြောင်း။

မြေပေါ်မြေအောက်သယံဇာတများ ထုတ်ယူရောင်းချခြင်း၊ သစ်တောပစ္စည်း များ ထုတ်ယူရောင်းချရာတွင်လည်း အလွန်အကျွံထုတ်ယူခြင်းထက် စည်းမျဉ်းစည်းကမ်း များနှင့် အညီသာခွင့်ပြုဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်စက္ကူ ထုတ်လုပ်နိုင် သည့် သစ်နှင့်ဝါးများစွာရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သကဲ့ သို့ ပြန်လည်ဖြည့်တင်း စိုက်ပျိုးထိန်းသိမ်းရန်လည်းလိုကြောင်း၊ အလားတူ စပါး စိုက်ပျိုးရာမှ ထွက်ရှိလာသည့် ကောက်ရိုးများကိုလည်းပျော့ဖတ်နှင့် တိရစ္ဆာန် အစာ များအဖြစ် အကျိုးရှိစွာအသုံးချမည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကောင်စီဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသများ အလိုက် တောင်သူများကို အလုပ်လုပ်နိုင်ရေး အားပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင် ရွက်သွားရန်လိုကြောင်း၊ အလားတူ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အထောက်အကူ ပြုစေသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက်လည်း ဒေသ အလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ အချို့ဒေသများတွင် အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားလျက်ရှိနေသေးကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မဖြစ်မနေဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မဲစာရင်းများအခြေခံမှန်ကန်ခိုင်မာစေရေး သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဆောင်ရွက်၍ မရကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကောင်စီဝင်များက စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာများ၊ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များ၊ ကျောင်းပိတ်ရက်ကာလများ တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် များ ရှင်သန်ထက်မြက်လာစေရေး စီစဉ်ဆောင်ရွက်ပေးသင့်သည် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသအလိုက် တည်ငြိမ် အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ချုပ်က တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများပါဝင် ပူးပေါင်းဆောင်ရွက်မှုရှိသည့် နေရာများတွင် အမြန်ဆုံးတည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျသဖြင့် တည်ငြိမ်အေးချမ်းမှုလိုအပ်လျက်ရှိသည့် ဒေသများမှ ပြည်သူလူထု အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း၊  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက် ကာလများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေးနှင့် လူငယ်များအတွက် ကောင်းမွန်သည့် စိတ်ဓာတ်များမွေးမြူရရှိနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း တိုက် တွန်းကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။