နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 
နေပြည်တော်၊ အောက်တိုဘာ- ၂၀

 
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှကျောက်မျက် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကျောက်မျက်ရတနာပြပွဲများကျင်းပ ရောင်းချ ခဲ့မှု၊ မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာ ပစ္စည်းများ ထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက် မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကိုလိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့်ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့သည်။ ယခုရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၃၀၀)၊ ကျောက်မျက် အတွဲပေါင်း(၁၆၀)နှင့် ကျောက်စိမ်းအတွဲပေါင်း (၄၀၂၅)တွဲ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး ပုလဲအတွဲနှင့် ကျောက်မျက်အတွဲတို့ကို အမေရိကန် ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပ ရတနာကုန်သည် များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေ ဝယ်ယူ နိုင်မည်ဖြစ်သည်။
ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အုပ်စု(၃)စုခွဲခြားထားပြီး နိုင်ငံခြားငွေ ရရှိရန်အတွက် ကျောက်စိမ်းအတွဲအုပ်စု(အေ)နှင့်(ဘီ)ဖြင့်လည်းကောင်း၊ MSME လုပ်ငန်း ရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု(စီ)ဖြင့်လည်းကောင်း သတ်မှတ်ထားသည်။
ကျောက်စိမ်းအတွဲ(၅၀၀)ပါဝင်သည့် အုပ်စု(အေ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်း ဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များသာမက ပြည်တွင်းရတနာ ကုန်သည် များပါ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေစသည့်နိုင်ငံခြား ငွေဖြင့် ပေးချေ ဝယ်ယူရမည်ဖြစ်သည်။
ကျောက်စိမ်းအတွဲ(၁၇၃၃)တွဲ ပါဝင်သည့် အုပ်စု(ဘီ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြား ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။
MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ရောင်းချသည့် ကျောက် စိမ်းအတွဲ (၁၇၉၂)တွဲပါဝင်သည့် အုပ်စု(စီ)ကို ကျပ်ငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရသည်။
ယခု ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။