နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

 
နေပြည်တော်၊ ဇန်နဝါရီ - ၂၇

 
(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေ ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့် အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပွဲစလျင်စချင်း၌ပင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၀)က အဖွင့် ဦးဆောင်ဂိုးကို တစ်ဦးချင်း အစွမ်းပြ၍ လှပစွာသွင်းယူရရှိခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့် တစ်ဖက် ဆက်လက်ထိုးဖောက်ကစားခဲ့သော်လည်း ဂိုးရရှိခဲ့ခြင်း မရှိခဲ့ဘဲ ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခဲ့သည်။
ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၅၃ မိနစ် တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ဦးဆောင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီး တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းလိုက်ပူးတွဲ တတိယ ဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက လည်းကောင်း၊ အသင်းလိုက် ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်း အား ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးအသင်းအား ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကိုပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အားကစားသမားများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့သည်။ ယခုကျင်းပပြုလုပ်သည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံ ပညာကျောင်းသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျင် ငွေကျပ်သိန်း ၅၀ စီကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ကို ဇန်နဝါရီ ၁၇ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲမှ စတင်၍ အားကစားထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်လေ့ကျင့်ပေးသွားပါက အခြေခံကျောင်းသားများ တက္ကသိုလ် တက်ရောက်ချိန် တွင် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများကိုလည်း အရည်အသွေးပိုမိုကောင်းမွန်စွာ ဖြင့် ပါဝင်ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများလည်း ပိုမို ပေါ်ထွက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။