နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၅

 
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာနှင့် သက်တမ်းအမြင့်မားဆုံးသော ဌာန ကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းများ၊ သတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့် လွှင့်စက်ရုံများမှ ဝန်ထမ်းများ က Online မှတစ်ဆင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည် နေ့ အခမ်းအနားကို စတင်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “စိန်ရတုအလှမှန် ထာဝရမြန်မာ့အသံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ “ရတုအဆက်ဆက်မှသည် ၇၇ နှစ် တိုင်ခဲ့ပြီ MRTV” Documentary အစီအစဉ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ(၁၅)ရက်တွင် ရန်ကုန်ရေဒီယို(Rangoon Radio)အမည်မှ ဗမာ့အသံ(Barma Broadcasting Service-BBS) အမည်ပြောင်းလဲ ပြင်ဆင်ခဲ့သည့် “ဗမာ့အသံနေ့”ကို မူတည်ပြီး သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် “မြန်မာ့အသံ” အမည်မှ “မြန်မာ့အသံနှင့်ရုပ်မြင်သံကြား” (Myanma Radio and Television-MRTV) အမည်ကို ပြင်ဆင်ပြောင်းလဲလာမှုနှင့်အတူ ခေတ်အဆက် ဆက် သတ်မှတ်ကျင်းပခဲ့သည်မှာ (၇၅) နှစ်မြောက် စိန်ရတုကို ကျော်လွန်လာခဲ့ပြီး ယနေ့တွင် (၇၇)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့်အတိုင်း တာဝန် ကျေပွန်စွာဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထု အားလုံးအတွက် အကျိုးပြုခဲ့ သည်မှာ (၇၇)နှစ်ကာလရှိခဲ့ပြီဖြစ်ပါကြောင်း။
မိမိတို့ ငယ်စဉ်ကာလက “မြန်မာ့အသံ” ဟူသည့် ရေဒီယိုအစီအစဉ်သာ ရှိခဲ့ပြီး မြန်မာ့အသံ၏ ထုတ်လွှင့်မှု၊ ဖျော်ဖြေတင်ဆက်မှုများကို နားထောင်ကြည်နူးခဲ့ရပါ ကြောင်း၊ ကဏ္ဍစုံနှင့် ရသစုံကို ပေးနိုင်သည့် ဇာတ်လမ်းပမာ နားဆင်စရာ၊ အသံလွှင့် ဇာတ်၊ ကွက်စိတ်၊ ဇာတ်သဘင်၊ သောတရှင်တို့လိုရာ၊ ဘောလုံးပွဲ တိုက်ရိုက် ထုတ်လွှင့် မှုစသည့် ကဏ္ဍစုံများကို စွဲစွဲလန်းလန်း ဖြစ်ခဲ့ပါကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်း ဆောင်ချိန်တွင်လည်း စစ်သည်အတွက် တေးလက်ဆောင်၊ တပ်မတော်စာတိုက် စသည့် တင်ဆက်မှုများကြောင့် ရှေ့တန်းစစ်မြေပြင်တွင် ရွှင်လန်းတက်ကြွပျော်ရွှင်ခဲ့ ရပါကြောင်း၊ စတင်တည်ထောင်စဉ်ကတည်းက ပြည်သူများ၏ရင်တွင်း၌ စွဲလန်း နှစ်ခြိုက်စေသည့် အစီအစဉ်များ၊ တင်ဆက်ဖျော်ဖြေမှုများနှင့် အောင်မြင်တိုးတက် လာသည့်ဌာန ဖြစ်ကြောင်းကို ဂုဏ်ယူစွာ ပြောကြားလိုပါကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မား ပြီး အစဉ်အလာကြီးမားသည့် ပြည်သူ့ဝန်ဆောင်မှုဌာနကြီးတစ်ခုဖြစ်သကဲ့သို့ ခေတ် အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့ပြီး ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့်အညီ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်ခြင်းကြောင့် ယခု ကဲ့သို့(၇၇)နှစ် ပြည့်မြောက်သည်အထိ အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုကို မားမား မတ်မတ်ဖြင့် ဝင့်ဝင့်ကြွားကြွား စိုက်ထူနိုင်ခြင်းပင် ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား MRTV ၏ လုပ်ငန်းစဉ်များကို ဆန်းစစ်ကြည့်ပါက တစ်ဦးတစ်ယောက် တစ်ဖွဲ့ တည်းဖြင့် လုပ်ဆောင်၍ မရဘဲ အားလုံးပူးပေါင်းလုပ်ဆောင်မှုဖြင့်သာ အကောင် အထည်ဖော် ဆောင်ရွက်ရသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ယနေ့အခမ်းအနားသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV အတွက် (၇၇)နှစ်ပြည့်မြောက်သည့်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ MRTV ဝန်ထမ်း များ၏ စည်းလုံးညီညွတ်မှု၊ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုတို့ကိုလည်း သက်သေပြခြင်းပင် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV မှ ဝန်ထမ်းများအနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ကို ဦးထိပ်ပန်ဆင်ပြီး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ ထိုကဲ့သို့ ကြိုးပမ်း ဆောင်ရွက်မှုနှင့် အောင်မြင်မှုရလဒ်များကို ဖော်ထုတ်ပြသနိုင်ခြင်းခဲ့ခြင်းကြောင့်လည်း ဂုဏ်ယူဝမ်းမြောက်ရကြောင်းကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း နိုင်ငံနှင့် ပြည်သူအတွက် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်သွားနိုင်ကြမည်ဟုလည်း ယုံကြည်မျှော်လင့်ထားပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ပြီး ဝန်ထမ်းများကို အားပေးဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါ ကြောင်း၊ ထို့အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြခန်းငယ်ကို စိန်ရတုအထိမ်း အမှတ်အဖြစ် ထည်ထည်ဝါဝါ ခန့်ခန့်ညားညား ပြသနိုင်မည့် အဆောက်အဦတစ်ခု ပေါ်ပေါက်လာရေး လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး ပြီးခဲ့သည့် (၇၆)နှစ်မြောက် နှစ်ပတ် လည်နေ့အကြိုအဖြစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မိမိကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းသည်လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ သမိုင်း အဆက်ဆက်ဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ အသုံးပြုခဲ့သည့် စက်ပစ္စည်းကိရိယာများနှင့် တူရိယာပစ္စည်းများ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း များ၏ ကြိုးစားဆောင်ရွက်မှုများကို ဂုဏ်ပြုပြီး သမိုင်းမှတ်တမ်းများ မပျောက်ပျက် အောင် ရှိနေစေရေးနှင့် နောင်လာနောင်သားများ၊ ဝန်ထမ်းများ၊ ပြည်သူများ လေ့လာ သိရှိနိုင်စေရေး စေတနာဖြင့် အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သမိုင်းဟူ သည်မှာ ချန်ထား၍ မရသကဲ့သို့ ဖျောက်ဖျက်၍လည်းမရပါကြောင်း၊ တစ်ဆက်တည်း တွင် MRTV News Channel နှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်ပြသနိုင်ရေးအတွက် လည်း ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူ စကတည်းက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှု များပြားပြီး တစ်ဆက်တည်း၌ပင် ဆူပူ အကြမ်းဖက်မှုများကြောင့် အခက်အခဲများကြားမှ နိုင်ငံတော်ကို ပြန်လည် တည် ဆောက် နေရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိသလောက်ဖြစ်ပြီး အနည်းဆုံးအခြေအနေသို့ ရောက်အောင်ထိန်းနိုင်ခဲ့ရာတွင် မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဝန်ထမ်းများ၊ စာအုပ်စာစောင်များမှ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ခဲ့ သည်ကို တွေ့ရကြောင်း၊ မိမိကိုယ်တိုင်လည်း တီဗွီ၊ ရေဒီယို၊ သတင်းစာများကို နားထောင်ဖတ်ရှုပြီး ထိထိရောက်ရောက် အသိပညာပေးနိုင်ရေး လမ်းညွှန်မှာကြား အကြံပြုခဲ့သည်ကို ဝန်ထမ်းများအသိပင် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အချို့နိုင်ငံ များ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု၊ သေဆုံးမှုများနေသေးတာကို တွေ့ရသော် လည်း မိမိတို့နိုင်ငံ၌ အနည်းငယ်မျှသော ကူးစက်မှုများသာရှိပြီး သေဆုံးမှု မရှိတော့ ခြင်းသည် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှု၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၏ စီမံဆောင်ရွက်မှု၊ နိုင်ငံပိုင်မီဒီယာများ၏ စဉ်ဆက် မပြတ်နည်းမျိုးစုံဖြင့် အသိပညာပေးမှု၊ ပြည်သူအားလုံးက ပူးပေါင်းလုပ်ဆောင်မှုများကြောင့်ပင် ဖြစ်သဖြင့် အားလုံးကိုကျေးဇူးတင်သကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အပါအဝင် နိုင်ငံပိုင် မီဒီယာအားလုံးကိုလည်း မှတ်တမ်းတင်ကြောင်းကို ပြောလိုပါကြောင်း။
လက်ရှိအခြေအနေတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း နှစ်နှစ်တာကာလလုံးဖြစ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုများသည် သိသိသာသာ လျော့ နည်း ကျဆင်းသွားခြင်း မရှိသေးကြောင်း၊ မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် ဩဇာခံဖြစ်အောင် အဓမ္မလုပ်ချင်ကြသည့် ပြည်ပနိုင်ငံကြီးများနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့ အစည်းအကျိုးစီးပွားကိုသာ ရှေးရှုနေကြသည့် ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေးကို အရှိန် အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နေဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ် ကာလ ရှည် ကြာရပ်စဲထားပေးခဲ့ခြင်း၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဖိတ်ခေါ် ခြင်း၊ အလားတူ အကြမ်းဖက်လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းနေကြ သူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းများဖြင့် ပျော့ပျောင်းညင်သာစွာ ဆောင်ရွက်နေပါ ကြောင်း၊ သို့သော်လည်း အထူးသဖြင့် လူငယ်များကို သွေးထိုးမြှောက်ပင့်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းစသည့် မရိုးသားသည့် နည်းလမ်းများဖြင့် စည်းရုံး သိမ်းသွင်းပြီး လမ်းမှားသို့ တွန်းပို့ကာ နိုင်ငံတော်ကိုဖျက်ဆီးနေကြဆဲ ဖြစ်သောကြောင့် ပြည်သူများနှင့် လူငယ်များ အတွေး အခေါ်မှန်ကန်ပြီး အသိပညာမြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများက ဆက်လက်ပြီး ဆောင်ရွက်သွားကြရန် မှာကြားလိုပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါတယ်။
ယခုအချိန်တွင် ပြည်သူကို အသိပညာဗဟုသုတပေးနိုင်ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များကို လမ်းမှားမရောက်စေရေး၊ ပညာတတ် သားကောင်း ရတနာတွေ ဖြစ်လာစေရေးသည်လည်း ပိုမိုအရေးကြီးပါကြောင်း၊ ယနေ့လူငယ်များ သည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် နိုင်ငံတော်ကြီးကို ထုဆစ် ပုံဖော်ကြမည့် လက်ဆင့်ကမ်းတာဝန်ယူကြမည့်သူများ ဖြစ်နေခြင်းကြောင့် ပင်ဖြစ် ကြောင်း၊ အဓိကအားဖြင့် မိဘ၊ ဆရာများတွင် တာဝန်ရှိသည်ဟု ဆိုရမည် ဖြစ်သော် လည်း မိမိတို့ မီဒီယာများမှ စဉ်ဆက်မပြတ် အသိပညာပေး၊ ဗဟုသုတများ ဖြန့်ဝေပေးနေပါက ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော် အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံက မြှင့်တင်ပေးလျက်ရှိပြီး KG+9 ပြီးမြောက် အောင် သင်ယူကြစေရေး အားပေးလုပ်ဆောင်လျက်ရှိပါကြောင်း၊ အဓိကမှာ နိုင်ငံတော် ကြီး ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူလူထုကို အတွေးအခေါ် အယူအဆနှင့် အလုပ်အကိုင်များ မှန်ကန် စေရေးတို့အတွက် မီဒီယာပိုင်းက ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန် အခြား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ တော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက်၊ နိုင်ငံတော်၏ ရှေ့ရေးအတွက် ဆောင်ရွက်နေကြောင်းကို ပြည်သူလူထု သိရှိစေရေး ပြန်ကြားရေးကဏ္ဍမှ အလေးထားဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံ၌ ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာထွန်းလင်းတောက်ပလျက် ရှိနေသည်ကို ကမ္ဘာကို ပြသနိုင်ရန်၊ တိုင်းပြည် အေးချမ်းသာယာမှုရှိရန်နှင့် ပြည်တွင်း ပြည်ပဘုရားဖူးများ လာရောက်ကြပြီး ဒေသတိုးတက်စည်ကားစေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆိုပါက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)ကို ရတနာပလ္လင် တော် ထက်သို့ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းလုံးက ကုသိုလ်ရှင်များ လှူဒါန်းသည့် ဋ္ဌာပနာတော်များကိုလည်း ထည့်လှူ ပူဇော်ပြီးဖြစ်ပါ ကြောင်း၊ ဆက်လက်၍လည်း သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေး၊ ပိဋကတ် ကျမ်းစာများကို ကျောက်စာတော်များ ထုဆစ်ပူဇော်ပြီး ကျောက်စာရုံ စေတီတော်များ တည်ဆောက်ရေး၊ ရင်ပြင်တော်များ၊ သုဓမ္မာဇရပ်များနှင့် အခြားသော သာသနိက အဆောက်အဦများ တည်ဆောက်ရေး၊ ဗုဒ္ဓဥယျာဉ်တော်ကြီး သာယာလှပစေရေး တို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ခမ်းနားထည်ဝါသည့် ဗုဒ္ဓ အမွေအနှစ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး၏ မဟာရံတံတိုင်းတည်ဆောက်လှူဒါန်းမည့် သာသနိက အဆောက် အဦများအတွက် လှူဒါန်းလိုသည့် ဘုရား ဒါယကာ၊ ဒါယိကာမများက လှူဒါန်းနိုင်ရေး အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအပါအဝင် တီဗွီ၊ ရေဒီယို၊ သတင်းစာများက နှိုးဆော်တိုက်တွန်းပေးနေသည်ကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် မှာကြားလို ပါကြောင်း။
MRTV News Channel ကို အသွင်သစ်၊ အမြင်သစ်၊ ပုံစံသစ်နှင့် အရန်စတူဒီယိုမှ ပူးပေါင်းထုတ်လွှင့်ခဲ့ရာမှ ယခုအခါ စတူဒီယိုအသစ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် သန်း (၁၁၅၀) (ငွေကျပ်သန်း တစ်ထောင့် တစ်ရာငါးဆယ်) အသုံးပြုကာ သတင်း ထုတ်လွှင့်ခန်းနှင့် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ပြီးဖြစ်ပြီး ယခုအခမ်းအနား အပြီးတွင် ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်သည့်အတွက် သီးသန့်စတူဒီယိုအဖြစ် စတင် အသုံးပြုပြီး ထုတ်လွှင့်နိုင်တော့မည် ဖြစ်ပါကြောင်း။
နိုင်ငံနှင့် ပြည်သူအကျိုးကို မီဒီယာနှင့် ဝန်ဆောင်မှုပေးနေသည့် MRTV သည် တိုင်းရင်းသားဘာသာစကား အမျိုးအမည် (၂၀)နှင့် ဘာသာစကားများစွာ ထုတ်လွှင့် နိုင်မှုကြောင့် ကမ္ဘာ့အလယ်တွင် ထူးခြား၊ ထင်ရှားသည့် ရုပ်သံလွှင့်ဌာနကြီးအဖြစ် ရပ်တည်နေသည်ကိုလည်း သိရှိရသည့်အတွက် ဌာနနှင့်ထပ်တူ ဂုဏ်ယူပါကြောင်း လည်း ပြောကြားလိုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် MRTV ၏ ဝန်ထမ်းဟောင်း များက သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်း များကလည်း သမိုင်းပေးတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြ ရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် MRTV အနေဖြင့် အနာဂတ်တွင် ရေရှည်တည်တံ့အောင်မြင်သည့် ဌာန ကြီးအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ယနေ့ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ စိတ်စေတနာနှင့် ခံယူချက်၊ ယုံကြည်ချက်၊ ကြိုးစားဆောင်ရွက်မှုများ အပေါ်၌ တည်ရှိနေသည် ဆိုသည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ ခိုင်မာစွာစောင့်ထိန်းခဲ့သည့်မူရှိပြီး ဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံလွှင့် ခြင်း ဆိုသည်မှာ လူများ၏စိတ်ကို ဖမ်းစားနိုင်စွမ်းရှိပြီး တိုင်းရင်းသားများ ထိန်းသိမ်း အပ်သည့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ပြည်သူလူထု၏ စိတ်နှလုံးထဲ တွင် ရှိနေစေရေး ဆက်လက်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ တစ်ဘက်က လည်း နိုင်ငံသူ နိုင်ငံသားများ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရေး အမြင်ရှိအောင် လည်း လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မူလလုပ်ငန်းတာဝန်များအပြင် သီးခြား ပေးအပ်လာသည့် လုပ်ငန်းတာဝန်များအပေါ် ကြိုးစားထမ်းဆောင်နေသကဲ့သို့ နိုင်ငံ အတွင်း၌ အနုပညာလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ပြန်လည်လုပ်ကိုင်နိုင်စေ ရေးနှင့် အနုပညာလောကသားများ၏ စားဝတ်နေရေးကိစ္စများ အဆင်ပြေစေရေး တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ပေးနေသည်ကိုလည်း အသိအမှတ်ပြု ပြောကြား လိုပါကြောင်း။
နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားသည် နေ့စဉ်တင်ဆက်နေသည့် သတင်းနှင့်အစီအစဉ် များ ပိုမို အရည်အသွေးကောင်းမွန်စေရေး၊ Content ပိုင်းဆိုင်ရာ အသစ်အသစ်များ ဖန်တီးထုတ်လုပ်ပြီး သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေ ပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ပေးကြရန်၊ နိုင်ငံတကာရုပ်သံလုပ်ငန်းများ၏ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးမှု များကို မျက်ခြည်မပြတ်စောင့်ကြည့် လေ့လာပြီး ယှဉ်တွဲလိုက်ပါဆောင်ရွက် နိုင်ရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးမြှင့်လာစေရေးအတွက် ဝန်ထမ်းအားလုံး၏ စွမ်းဆောင်နိုင်မှု အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး တိုးတက် အောင်လုပ်ဆောင်ကြရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ပြည်သူအကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြပြီး နိုင်ငံတော်နှင့် ပြည်သူတို့က အားကိုးအားထားပြုရ သည့်ဌာနကြီးတစ်ခုဖြစ်အောင် ယခင်ကထက် ပိုမိုစည်းလုံးသည့်၊ ပိုမိုညီညွတ်သည့် စိတ်ကောင်းစေတနာအပြည့်ဖြင့် သယ်ပိုး စွမ်းဆောင်ပေးကြပါရန် တိုက်တွန်း မှာကြား လိုကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ (၇၇)နှစ် ပြည့်မြောက်သည့် နေ့မှသည် ရှေ့ရာစုနှစ်ပေါင်းများစွာအထိ အောင်မြင်မှုများနှင့်အတူ လျှောက်လှမ်းပြီး ဂုဏ်ယူ ဝင့်ကြွားစွာ ရှင်သန်ရပ်တည်နိုင်ပါစေကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က 10th ASEAN Quiz(Regional Level) ပြိုင်ပွဲအား နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနား ထည်ဝါစွာစီစဉ်ကျင်းပနိုင်မှုနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် “တူယှဉ် နွဲပျော် ဂီတပွဲတော်” Season-2 အား အောင်မြင်စွာ စီစဉ်တင်ဆက် နိုင်မှုတို့အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ၇၇ သိန်းကို ချီးမြှင့် ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ “အသစ်တဖန် ခေတ်သဏ္ဍာန် MRTV” တေးသီချင်း၊ “ရှင်သန်နေမည် MRTV” တေးသီချင်း တို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား “News Channel Studio” ဖွင့်လှစ်ခြင်းကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အဝင် ဆိုင်းဘုတ် ငယ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ဦးဝင်းရှိန် တို့နှင့်အတူ “News Channel Studio” ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် “News Channel Studio” နှင့် ပတ်သက်သည့် Video Clip ကို ကြည့်ရှုအားပေးပြီး Studio အတွင်း လှည့်လည် ကြည့်ရှုကြကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရေဒီယိုထုတ်လွှင့်ခန်းများ၊ Myanma Radio (English FM Channel) အင်္ဂလိပ်ပိုင်း သတင်းနှင့် အစီအစဉ် များ ထုတ်လွှင့်နေမှု၊ တိုးချဲ့ထုတ်လွှင့်လျက်ရှိမှု၊ သပြေရေဒီယိုအသံလွှင့်ချိန် တိုးချဲ့ထုတ်လွှင့် လျက်ရှိမှုများကိုလည်းကောင်း၊ Convergence News Room၊ MRTV HD၊ MRTV News ထုတ်လွှင့်ခန်းများနှင့် Master Control Room၊ MRTV HD News Studio နှင့် MRTV News၊ Radio Tape Library၊ Radio News Room၊ Auditorium တို့ကိုလည်းကောင်း ကဏ္ဍတစ်ခုချင်းစီ အလိုက် စိတ်ဝင်စားစွာ လိုက်လံကြည့်ရှု၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြမှုများ အပေါ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် မီဒီယာကဏ္ဍတွင် ရှေ့ဆောင်စံပြ အဖြစ် ရှိနေရမည်ဖြစ်ပြီး အမြင့်ဆုံးမှ ရပ်တည်နေရမည်ဖြစ်ကြောင်း၊ ခေတ်နှင့် လျော်ညီသည့် ထုတ်လွှင့်မှုပုံစံဖြစ်ရမည် ဖြစ်သကဲ့သို့ မြန်မာမှုထုံးတမ်းစဉ်လာများကို လည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မြန်မာစာ၊ မြန်မာစကားကိုလည်း ကျွမ်းကျင် ပိုင်နိုင်စွာ ဋ္ဌာန်ကရိုဏ်းကျကျဖြင့် ပြောဆိုတင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ် ပိုင်း အစီအစဉ်များကိုလည်း အသံအနေအထား မှန်ကန်စွာဖြင့် ဆောင်ရွက်ပြီး နားထောင်သူများမှ အတုယူနိုင်ရန် လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများနှင့် လုပ်ငန်း တာဝန်များကို ပျော်ရွှင်စွာဖြင့် ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားဆွေးနွေးပြောကြားသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ (၁၅ )ရက်နေ့တွင် "ဗမာ့အသံ” (Burma Broadcasting Service-BBS) အမည်ဖြင့် စတင်တည်ထောင်ခဲ့ ကြောင်း၊ ထို့နောက် အင်္ဂလိပ်ခေတ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်များတွင် နေရာပြောင်းရွှေ့ပြီး အမည်နာမမျိုးစုံဖြင့်ဖြတ်သန်းခဲ့ ကြောင်း၊ ၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည် ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ဇွန်လ ၃ ရက်တွင် ရောင်စုံရုပ်မြင် သံကြားကို စမ်းသပ်ထုတ်လွှင့်ခဲ့ရာမှ နိုဝင်ဘာလ ၁ ရက်မှစ၍ ရုပ်မြင်သံကြား အစီ အစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မူလရေဒီယို အသံလွှင့်လုပ်ငန်းနှင့် ပူးပေါင်းပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာ့ရုပ်မြင် သံကြားနှင့် အသံလွှင့်ဦးစီးဌာန (Myanmar Television and Radio Department –MTRD) အမည်ဖြင့် ပြင်ဆင်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) အမည်ကို ပြောင်းလဲကာ ယနေ့တိုင်ခေါ်ဝေါ်သတ်မှတ်ခဲ့ ကြောင်း။
ယခုအခါ MRTV-HD၊ MRTV-News တို့အပြင် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် ထုတ်လွှင့်နေသည့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(MRTV-NRC)၊ တောင်သူလယ် သမားရုပ်သံလိုင်း(MRTV-Farmer’s)၊ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel)နှင့် အားကစားရုပ်သံလိုင်း(MRTV Sports Channel)တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ တိုးချဲ့ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုး ကရင်၊ ချင်း(ချိုး)၊ ချင်း (လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ”ဘာသာ စသည့် တိုင်းရင်းသား ၁၁ မျိုးဖြင့် ထုတ်လွှင့်ပေး လျက်ရှိသည့်အပြင် MRTV Website အပါအဝင် Online ဖြင့် လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကိုလည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့အသံရေဒီယိုအနေဖြင့် ရေဒီယိုအစီအစဉ်များကို နေ့စဉ် နံနက် ၅ နာရီမှ ည ၁၁ နာရီထိ ထုတ်လွှင့်ပေးလျက်ရှိသကဲ့သို့ တိုင်းရင်းသား ဘာသာ(၁၇) မျိုးဖြင့်လည်း ထုတ်လွှင့်ပေးလျက်ရှိသည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် Myanma Radio English FM Channel နှင့် သပြေရေဒီယိုတို့အား တိုးချဲ့ထုတ်လွှင့် ပေးလျက်ရှိသည်။
ယနေ့အချိန်တွင် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေ ပေးရန်၊ ဖျော်ဖြေပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန် ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် (၇၇) နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင် မီဒီယာကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။