နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ ၁၉/၂၀၂၂ ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ ၁၉/၂၀၂၂ ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ်- ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့မှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်(၂) ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်တို့ အောင်မြင်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများပါဝင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့မှု အခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင် ရေးရန်ပုံငွေမှ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည့်အခြေအနေများ။
ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍နိုင်ငံတော်ဝန်ကြီးချုပ် နှင့် EAO အဖွဲ့ ၁၀ ဖွဲ့ တို့ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့မှု၊ ဆွေးနွေးခဲ့ပြီး သဘောတူညီချက် များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အခြေအနေများနှင့် ဒုတိယ အကြိမ်ထပ်မံ တွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်ရောက်ရှိစဉ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာ တပ်မတော် အားကစားပြိုင်ပွဲ (International Army Game- 2022)နှင့် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစားပြိုင်ပွဲ(3rd CISM World Cadet Games) တွင် မြန်မာ့ တပ်မတော် ကိုယ်စားပြု အသင်းများ ပါဝင်ယှဉ်ပြိုင်နေမှုနှင့် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့်အခြေအနေများ။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း နိုင်ငံအဖြစ် လည်းကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံအဖြစ်လည်းကောင်း၊ ဆွေမျိုးပေါက် ဖော်နိုင်ငံအဖြစ် လည်းကောင်း ခိုင်မာစွာရပ်တည်သွားမည့်အခြေအနေများ၊ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေ အနေများ။
ခရိုင်(၅၀)ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက်တန်းကျောင်းများ တွဲဖက် ဖွင့်လှစ်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိမှုအခြေအနေများနှင့် NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဒေသအချို့တွင် အကြမ်းဖက်မှုလုပ်ရပ်များအပါအဝင် အခြားလုပ်ဆောင်နေမှုများ နှင့် ပတ်သက်၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ ၊ မဲမသမာမှုများနဲ့ တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန် ခဲ့ကြသူများကို အရေးယူ ဆောင်ရွက်မှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေ စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ နှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင် သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက် များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။