နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (/ ၂၀၂၃) ACသို့တက်ရောက်အမှာစကားပြောကြား

 နေပြည်တော်၊ အောက်တိုဘာ ၂၅

            အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

            အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊  နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

            ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ဒုတိယအကြိမ် (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇွန် ၈ ရက် ရက်နေ့တို့တွင်  ကျင်းပပြုလုပ်ခဲ့ပြီး MSME ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကာ သက်ဆိုင်ရာ ဝန်ကြီးဌာန၊  အဖွဲ့အစည်း‌များ၊ ဒေသဆိုင်ရာအေဂျင်စီများ ချိတ်ဆက်ညှိနှိုင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

              ယခုအစည်းအဝေးသည် လုပ်ငန်းကော်မတီ၏ တတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ရည်ရွယ်ချက်များအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်ဖြစ်သည့် သေချာသော ပြည်တွင်းကုန်ကြမ်းများကို အသုံးပြုသည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော စားသုံးဆီ၊ ဆန်နှင့်  ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ၊ ဝါ၊ ကော်ဖီ၊  လက်ဖက် လုပ်ငန်းများ၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေး အသား၊ ငါးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်  အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးနိုင် ရန်၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီး ဌာန၊   အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အေဂျင်စီများက ပြီးပြတ်အောင် ဆောင်ရွက် နိုင်ရေး တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့်  ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အတွက်ကျင်းပရခြင်းဖြစ်ကြောင်း။

            နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ရေခံမြေခံ ပထဝီ အနေအထားနှင့်  အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး အေးချမ်း သာယာ စည်ပင်ဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတော်တည်ဆောက်ရေး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကကျသည့်သော့ချက်ဖြစ်ကြောင်း။

            နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့လာစေရန်အတွက် ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်းများစွာရှိသည့်အနက် MSME များကို အားပေး မြှင့်တင်ခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေကြောင်း၊ MSMEများသည် စီးပွားရေးလုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့် အတွက် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက် လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး မူဝါဒမှာ MSME ကဏ္ဍ၏အရေးပါပုံကို အထူးအလေးထား ဖော်ပြထားကြောင်း၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပါက စီးပွား ရေးမတည်ငြိမ်သည့် ကြားကာလများမှာပင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအား ထိန်း ကျောင်း ပေးနိုင်စွမ်းရှိကြောင်းကို လေ့လာသိရှိရကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ခိုင်မာစေရေး” နှင့်  “ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ် ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စား၊ ရေ၊ ရိက္ခာ ဖူလုံရေး” တို့ကို နိုင်ငံ‌တော်၏မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း။

            အဆိုပါမျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ခဲ့ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက် (၃)ရပ် ထဲတွင် တိုင်းပြည်သာယာဝ ပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး တို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့့် “တိုးတက်ကောင်းမွန် လာသည့် စီးပွား ရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် အချက်များလည်း ပါဝင် ပါကြောင်း။

            အဆိုပါ စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားကို မြှင့်တင်ရေး အတွက် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည် အာမခံချက် ရှိအောင် အားပေးကူညီပြီး ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသ အသီးသီးတွင်ရှိသည့် MSME များကို ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် MSME လုပ်ငန်း များအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံထုတ်လုပ်သည့် ထုတ်ကုန် ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာဖူလုံမှုအတွက် အဓိကထားထုတ်လုပ် စေခြင်းမှ အဆိုပါလုပ်ငန်းများကိုအခြေခံပြီး အခြားသော ကဏ္ဍများ ဖြစ်သည့် ပြည်တွင်းပြည်ပ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကိုလည်း ဘက်စုံတိုးတက်လာစေရန် ဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

            အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအားပေးမြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင်ရှိသည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ(၂၃)ကြိမ်၊  မိမိအနေဖြင့် လည်း  MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ(၄)ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များမှ ကဏ္ဍအလိုက်လိုအပ်ချက်များတင်ပြကြပြီး အဆိုပါတင်ပြချက်များကို ခြုံငုံကြည့်ပါက အများအားဖြင့် နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာ လိုအပ်ချက်များကို အများဆုံးတင်ပြခဲ့ကြကြောင်း၊ နိုင်ငံတကာတွင်လည်း MSMEများသည် ငွေကြေး အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိမှု၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်းစသည့် အခက် အခဲများနှင့်ရင်ဆိုင်နေကြရကြောင်း။  

            မိမိတို့မြန်မာ့ MSME များအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲ များနှင့် အခြားသောအခက်အခဲများကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှား သွားရမည် ဖြစ်ပြီး ရှိနေသည့်အခွင့်အရေးများကိုလည်းအရယူပြီး ဆောင်ရွက်သွားကြ ရမည်ဖြစ် ကြောင်း၊  ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှုအစား ပြည်တွင်း MSME များမှ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ် နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်း အချိန်မီရောက်ရှိမှသာ ကုန်ထုတ်လုပ်မှုကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန် ထုတ်လုပ်မှုတွင် သေချာသည့်  ပြည်တွင်းကုန်ကြမ်းကို အသုံးပြုပြီး ထုတ်လုပ်နိုင်ရေး ကို အလေးထားဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုကြောင်း။

            ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး နည်း ပညာများ၊ ဆန်းသစ်တီထွင်မှုများ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုဆိုင်ရာ နည်းပညာ များသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် MSME များ ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးပါသည် အခန်းကဏ္ဍမှ ပါဝင်လာသည်ကိုတွေ့ရှိရကြောင်း၊  MSME များ ဖွံ့ဖြိုးတိုးတက်လာစေရန် Incubation Center များ တည်ထောင်ပြီး အစပျိုးစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်း ရှင်များ ပိုမိုကောင်းမွန်လာစေရန်၊ ဆန်းသစ်တီထွင်မှု နှင့် ယှဉ်ပြိုင်နိုင်မှုများ ပိုမို အားကောင်းလာစေရန် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် MSME များ ရှင်သန်ရပ်တည်နိုင်ရေး အတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့ကလည်း အသက်သွေး ကြောကဲ့သို့ အလွန်အရေးပါသည့်အတွက် ဒေသအသီးသီးတွင် ဈေးကွက်များ၊ ကုန် စည်အဝယ်ဒိုင်များ ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသတွင်း ထုတ်ကုန်များကိုလည်း နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး အစီအမံများ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

            လက်တွေ့ချိတ်ဆက်ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်ဒေသကြီး ဝန်ကြီးချုပ်များဦးဆောင်သည့် MSME အေဂျင်စီများမှ သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်မှုအရ ဒေသအလိုက် MSME လုပ်ငန်းများမှ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို  သီလဝါအထူး စီးပွားရေးဇုန်ရှိ Free ဇုန်နှင့် Promotion ဇုန်တို့မှ ကုမ္ပဏီလုပ်ငန်း ၂၈ ခုမှ လိုအပ်သည့်အမှာစာများအတိုင်း တင်ပို့ရာ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ MSME လုပ်ငန်း (၃၆) ခုမှ အမှာစာ ကုန်ကြမ်း ပစ္စည်းအမျိုးပေါင်း (၃၃) ခုကို ကာလတန်ဖိုး ကျပ်သန်း ၆.၅၆၂ ဘီလီယံ နှင့် အမေရိကန် ဒေါ်လာ ၂၈.၄ သန်းကျော် ထုတ်ကုန်ပစ္စည်းဈေးကွက်ချိတ်ဆက် ပေးနိုင်ခဲ့သည်ကို တွေ့ရသည့်အတွက် MSME လုပ်ငန်းများ၏ အောင်မြင်မှုခြေလှမ်း(၁)ရပ်ဖြစ် သည်ဟု ပြောကြားလိုကြောင်း၊ အလားတူ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် MSME အေဂျင်စီများကလည်း  ရန်ကုန် တိုင်ဒေကြီးနှင့် မန္တလေးတိုင်ဒေသကြီး MSME အေဂျင်စီများ၏ ဆောင်ရွက်မှု များကို နမူနာယူပြီး မိမိတို့ MSME ထုတ်ကုန်ပစ္စည်းများ ၊ OROP ထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်ရရှိရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

             နိုင်ငံတကာဈေးကွက်ရရှိပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့နေသည့် ပစ္စည်အမယ်များ အပြင် အမယ်သစ်များတိုးချဲ့တင်ပို့နိုင်ရေးနှင့် ပြည်တွင်းသွင်းကုန် အစားထိုးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအချင်းချင်း ဒေသ လိုအပ်ချက်၊ များ ဒေသတွင်းစားသုံး သူများ၏ လိုအပ်ချက်များ အစရှိသည်တို့ကို အချင်းချင်းအပြန်ပြန်အလှန်လှန် ဖြည့်ဆည်းနိုင်ရေး ဒေသဆိုင်ရာ အေဂျင်စီများအချင်းချင်း အားပေးထောက်ပံ့သွားကြရန်လည်း တိုက်တွန်း ပြောကြား လိုကြောင်း၊ ယင်းမှာတိုင်းပြည်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာ စေရန်နှင့် ပြည်ပဈေးကွက်များတွင်လည်း ယှဉ်ပြိုင်ရောင်းဝယ်မှုများ၊ ကုန်သွယ်မှုများ တိုးတက်‌လာစေရန် စီးပွားရေးဝန်းကျင်ကောင်းများကိုလည်း ဖန်တီး ဖော်ဆောင် ပေးခြင်းဖြစ်ကြောင်း၊  ထို့ပြင် MSME များလုပ်ငန်း စတင်ထူထောင် နိုင်ရန်နှင့် လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး နိုင်ငံတော် မှ ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း။

            သို့ဖြစ်၍ ယခုအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နေ့မှစ၍ နိုင်ငံတော်မှ ရန်ပုံငွေ ထောက်ပံ့မှု ၁၇၀ ဘီလီယံ အတွက် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်း၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက်စေသည့် လုပ်ငန်း၊ လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများ ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင် အန္တရာယ်ကျရောက်မှုမှ ကင်းဝေးစေရန်ဆောင်ရွက်မည့်လုပ်ငန်း၊ စွမ်းအင်ခြွေတာရေး လုပ်ငန်း၊ ပြည်သူအများစုအလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့်လုပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ ဒေသထွက်ကုန်ကြမ်းကို အခြေခံသော ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်သည့်လုပ်ငန်း စသည့် လုပ်ငန်းနယ်ပယ်(၈)ရပ်အပေါ် အခြေခံပြီး ချေးငွေ ထုတ်ချေး နိုင်ရေး ကိုလည်း လိုအပ်သည့် စံသတ်မှတ်ချက်များ၊ SOP များနှင့် ပတ်သက်ပြီး မူကြမ်း ရေးဆွဲထားမှုအပေါ် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးကာ MSME ဗဟိုကော်မတီဥက္ကဋ္ဌ ထံ မူအားဖြင့် အတည်ပြုနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ်သည့် အရင်းအနှီး များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံစီးပွား မြှင့်တင်‌ရေးရန်ပုံငွေအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခု ၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ(၅)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁)ခုတို့အတွက် ငွေကျပ် (၁၅၂) ဘီလီယံပေးအပ်ထားမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးချုပ်များ၊ ဒေသဥက္ကဋ္ဌများ က MSME လုပ်ငန်းများအတွက်ချေးငွေများကို လိုအပ်သလို စီစစ်ပြီး ထုတ်ချေးပေး လျက်ရှိသည်ကို သိရှိရပါကြောင်း။

            ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဒေသတစ်ခု ထုတ်ကုန် တစ်ခု (OROP)အဖြစ် သတ်မှတ်ပြီး အားပေးမြှင့်တင်နိုင်ရန် လုပ်ငန်းအစီအမံများ ရေးဆွဲ တင်ပြပေးကြရန်မှာကြားထားပြီးဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အစိုးရ အဖွဲ့များကလည်း မိမိတို့၏ OROP ဆိုင်ရာအစီအစဉ်များနှင့် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အားသာချက်/ အားနည်းချက် များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးကြရန်နှင့် အဆိုပါ OROP အစီ အစဉ်များနှင့် စက်မှု ချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်ရေး (Industrial Linkage Promotion Plan)များကို “ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန် အစားထိုးရန်၊ ပို့ကုန်ရရှိစေရန်”ဆိုသည့် အချက်(၃)ချက်ကို ရည်ရွယ်၍ MSME အားပေးမြှင့်တင်ရေး အစီအစဉ်များနှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့မြန်မာ့ MSME များ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံခြားသုံးငွေလျှော့ချနိုင်ခြင်းနှင့် ပို့ကုန်များ တိုးမြှင့် ထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာခြင်းစသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊  အဆိုပါအချက် (၃) ချက်ကိုရည်ရွယ်ပြီး MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့် သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီးထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအား အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ်အလေးထား စီမံပံ့ပိုး ပေးသွားရမည်ဖြစ်ကြောင်း၊ တင်ပြရန် ကျန်ရှိနေသေးသည့် တိုင်းဒေသကြီး (၃)ခုနှင့် ပြည်နယ် (၂)ခုတို့မှ အေဂျင်စီများကလည်း အမြန်ဆုံး မိမိတို့၏ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်မည့် အစီအမံမျာကိုတင်ပြရန် လိုအပ်ပါ ကြောင်း၊ MSME အဓိက ကဏ္ဍဖြစ်သည့် ကုန်ကြမ်း၊ နည်းပညာ၊ အရင်းအနှီး များမည်မျှပင် ပြည့်စုံအောင် ဖြည့်ဆည်းပေး နိုင်စေကာမူ လူ့စွမ်းအားအရင်းအမြစ် အားနည်းနေပါက MSME လုပ်ငန်းများ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် အောင်မြင်နိုင်ရန် ခက်ခဲနေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရန် အဓိက မောင်းနှင်အားဖြစ်သည့် အေဂျင်စီများက ဂရုပြုပံ့ပိုး စီမံဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း။

            လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေး ရာတွင်လည်း MSME များ အမှန်တကယ်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့် ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊  ဆက်စပ်သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးရေးအစီအစဉ်များ ဆောင်ရွက်ပေးနေ ရမည်ဖြစ်ကြောင်း။

            သို့ဖြစ်၍ MSMEလုပ်ငန်းရှင်များ အဓိကလိုအပ်ချက်ဖြစ်သည့် မဖြစ်မနေ ဆောင်ရွက်သင့်သည့် ဒီဂျစ်တယ်နည်းပညာများကို ပိုမိုဆောင်ရွက်နိုင်ရေး အတွက် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် MSMEs Upskilling and Reskilling Digital Capacity Development Forum နှင့် 5 Days  Hybrid  Training Program of  Digital  Upskilling and Reskilling for Mekong-Lancang MSME လုပ်ငန်းများ ၊ MSMEနှင့် ဆက်စပ်ဝန်ကြီးဌာန(၁၀)ခုဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန စသည့် ဝန်ကြီးဌာနများက သင်တန်းအမျိုးပေါင်း (၂၆၀)ကို သင်တန်း အကြိမ် (၃၆၇၅)ကြိမ် သင်တန်းသားပေါင်း (၁၉၈၄၆၀)ဦးတို့ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား ၊ သင်တန်းသူ (၉၄၁)ဦးရှိပါကြောင်း၊ ယင်းမှာ MSME လုပ်ငန်းကော်မတီမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းခွင် လေ့ကျင့်ပေးမှု၊ ကျွမ်းကျင်မှု အစီအစဉ်အရ လုပ်ငန်းကော်မတီ၏ အေဂျင်စီက ဦးဆောင်ပြီး စားသုံးဆီများ သန့်စင်ရေး  Refinery နည်းပညာ ပံ့ပိုးရေးသင်တန်း ၊ ပိတ်သားမှ နူးညံ့အောင် ပေါင်းခံခြင်း အလုပ်ရုံ ဆွေးနွေးပွဲ  သင်တန်းများကို  (၇)ကြိမ် ၊ သင်တန်းသား သင်တန်းသူ (၇၃၀)ဦး တို့ကို လက်တွေ့လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများမှာ အဆင်မြှင့်ပညာရပ် ဆက်လက်မသင်ကြားနိုင်ခြင်း၊ သင်ယူလိုမှုအခြေအနေမရှိတော့သည့် လူငယ်များကို လုပ်ငန်းခွင် ကျွမ်းကျင်မှု ရရှိရေးအတွက် အနိမ့်ဆုံး KG+ 9 အောင်မြင်ပြီးသူများကို ခရိုင် (၅၁)ခရိုင်တွင် ကျောင်းပေါင်း (၅၁) ကျောင်းဖွင့်လှစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာ သင်တန်းများကို ယခုနှစ်မှ စတင်ပြီး သင်ကြား ပေးခဲ့ရာ သင်တန်းသား သင်တန်းသူ ၄၈၈၄ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း၊ စက်မှုဘာသာရပ်တွင် သင်တန်းသား သင်တန်းသူ ၃၀၅၅ ဦး ၊ စိုက်ပျိုးရေး ဘာသာရပ်တွင် ၁၀၇၄ ဦး ၊ မွေးမြူရေးဘာသာရပ်တွင် ၇၅၅ ဦး တက်ရောက် သင်ကြားလျက်ရှိပြီးယခုထက် ပိုမိုသင်တန်းများတိုးမြှင့် ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း ။

            မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံအတွက် လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝ ထုတ်လုပ် နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေး အတွက် နိုင်ငံတော်အနေနှင့် MSME လုပ်ငန်းများကို အားပေး‌ဆောင်ရွက်လျက်ရှိပြီး ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များ အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် အေဂျင်စီများ၊ ပုဂ္ဂလိက အသင်း အဖွဲ့များက တာဝန်ခံခြင်း၊ တာဝန်ယူခြင်းတို့ဖြင့် ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ကာ MSME ကဏ္ဍလျင်မြန်စွာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုး တက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်  တိုက်တွန်းလိုကြောင်း ပြောကြားသည်။

            ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့် က လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၃) အစည်း အဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံ ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းတို့က ဖတ်ကြားတင်ပြကြသည်။

            ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်များ နှင့် ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

            ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာချာလီသန်းက MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်တွက် ကော်မတီများဖွဲ့စည်းကာ မူဝါဒ ဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက် ဆိုင်ရာအစိုးရအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များ၊ အေဂျင်စီများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MSMEလုပ်ငန်းများအပါအဝင် ပုဂ္ဂလိက ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိက လိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ လူ့စွမ်းအား အရင်းအမြစ် စသည့် အချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  အဆင့်မြင့် ဒီဂျစ်တယ် နည်းပညာများ အသုံးပြုပြီး အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေ အနေများ၊ MSME ထုတ်ကုန်များ အွန်လိုင်းစနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် E- Market Place for Myanmar Products Platformကို တည်ထောင်ပေးထားပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် Digital Transformation တွင် လိုက်ပါဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်သည့် အခြေအနေများနှင့် MSME လုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ လတ်တလော ဆောင်ရွက် ချက်များကို MSME Webportal တွင် လွှင့်တင်ထားရှိမှု များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

            ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများနှင့် အသင်းအဖွဲ့များမှပညာရှင်များက အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

            ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်း ဆွေး နွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။