နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်   မေ  ၂၆

ကယားပြည်နယ်  လွိုင်ကော်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည်   ယနေ့နံနက်ပိုင်းတွင်  လွိုင်ကော်မြို့နယ်  ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍  တပ်ဖွဲ့ဝင်နှင့် မိသားစုများအား  တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့ရသည့် အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊  နယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ  ဆောင်ရွက်ရမည့် အခြေအနေများနှင့် မိသားစုသက်သာ ချောင်ချိရေး ကိစ္စရပ်များကို အသေးစိတ်မှာကြားကာ တပ်ဖွဲ့ဝင်နှင့်    မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်ကာ  ဆေးရုံတက်ရောက် ကုသလျက် ရှိသည့် နယ်မြေခံပြည်သူလူထုများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံအားပေး နှစ်သိမ့်ကာ အသုံးအဆောင် ပစ္စည်းများ၊ ထောက်ပံ့ငွေများအား တစ်ဦးချင်း လက်ဝယ်သို့ ပေးအပ်ပြီး နယ်မြေခံတပ်မတော် ဆေးရုံတာဝန်ခံသို့ ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများအတွက် ဖြည့်စွက်အာဟာရ ကျွေးမွေးနိုင်ရေး သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မြို့  ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံးရှိ စုပေါင်းခန်းမတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိသားစုဝင်များအား တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်၍  လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ လက်ရှိမဲစာရင်း စစ်ဆေးတွေ့ရှိမှုနှင့် နေ့စဉ်သတင်း ထုတ်ပြန်နေမှုများ၊ နိုင်ငံဝန်ထမ်းများ  လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ နိုင်ငံတော်အတွင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေ အနေများ၊ လုံခြုံရေးဆိုင်ရာ  ဆောင်ရန်/ရှောင်ရန် ကိစ္စရပ်များနှင့်  နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  စည်းလုံးညီညွတ်စွာ လုပ်ငန်းဆောင်ရွက်ကြပြီး  နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်မှာကြားခဲ့သည်။

၎င်းနောက်  ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာနများရှိ  မိသားစုများအတွက် အခြေခံ စားကုန်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။