နိုင်ငံတော်မှ ဆက်ကပ်သော “ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ဆရာတော်ကြီး၏ ဂုဏဝိသိဌပူဇာပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မေ- ၂၃

 ၁၃၈၂ ခုနှစ်၊ နိုင်ငံတော်မှ ဆက်ကပ်သော “အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ် ကွက်ရှိ ဓမ္မသုခကျောင်းတိုက် ဆရာတော် ပြည်နယ်သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သောမ အား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌပူဇာပွဲကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ဓမ္မသုခကျောင်းတိုက် ဆရာတော် ပြည်နယ်သံဃာ့ နာယကအဖွဲ့ ဥက္ကဋ္ဌ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြည်နယ်ဩဝါဒါစရိယ မင်းကန်နိကာယ ပဝါရဏာ ဂိုဏ်းအုပ်/ဂိုဏ်းချုပ်၊ ရသေ့တောင်မြို့နယ်၊ တင်းကုတ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမေဓာဝီ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ထို့နောက် ပေါက်တောမြို့နယ်၊ မင်းတဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏ က ဓမ္မသုခ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီး ပညာမဂ္ဂင်ကျောင်း ဆရာတော် ဘဒ္ဒန္တ သုမန က ပူဇာရဟ ဂါထာတော်ကို ရွတ်ဖတ် ပူဇော်သည်။

ဆက်လက်၍ နိုင်ငံတော်မှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ “အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်၊ ဆက်ကပ်ခံရသည့်အတွက် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီက ဆက်ကပ်သည့် ထပ်ဆင့်ဂုဏ်ပြုလွှာ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ အလံတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဆိုင်းဘုတ် တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်အား ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဓမ္မသုခကျောင်းတိုက် ဆရာတော်က ဩဝါဒကထာ ချီးမြှင့်ပြီး တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။