နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ အား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ အား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြား

 
နေပြည်တော် ဇန်နဝါရီ - ၆

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်း၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့်တိုင်း ဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုခမ်းနားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သမိုင်းတွင်ဖျောက်ဖျက်မရနိုင်သည့် မှတ်ကျောက်တစ်ခုဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့်အစိုးရအဖွဲ့၏ ထင်ရှားသော သမိုင်းမှတ် ကျောက် တင်နိုင်ခဲ့သည့် အခမ်းအနားတစ်ခုပင်ဖြစ်ကြောင်း၊ အခက်အခဲပေါင်းများစွာ ကြားမှ နိုင်ငံတော်ကို ယခုကဲ့သို့သောအခြေအနေသို့ရောက်ရှိအောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း ဥက္ကဋ္ဌများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားကို ခန်းနားစွာဖြင့် အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နိုင်ငံအတွက် သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မည်သို့မျှဖျောက်ဖျက်၍ ရမည်မဟုတ် ကြောင်းနှင့် ကောင်းမွန်သည့် မှတ်ကျောက် တစ်ခုတင်နိုင်ခဲ့ခြင်းအတွက်များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ရေးရည်မှန်းချက်နှင့် အမျိုးသားရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ

မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်တာကာလရှိပြီဖြစ်ပြီး လွတ်လပ် ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင်လည်း မိမိတို့နိုင်ငံ၏ သမိုင်းကိုထင်ဟပ်ရန်နှင့် နိုင်ငံ ၏အနာဂါတ်အတွက် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ပွင့်ပွင့်လင်းလင်းဖြင့်တိုင်းပြည် ကို အသိပေးသကဲ့သို့ ကမ္ဘာကိုလည်း အသိပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိန့်ခွန်းကိုအလေးအနက်ထား လေ့လာကြစေလိုကြောင်း၊ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ များအရ နိုင်ငံရေးအရရည်မှန်းချက်များဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစွာဖြစ်ပေါ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးစနစ်အရ ပါတီစုံဒီမိုကရေစီစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး ပုံစံစနစ်အရ ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးကို ပေါင်းစပ်ထားသည့် အုပ်ချုပ်မှုပုံစံကို သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး၊ ပြည်သူများအားလုံး နှင့် နိုင်ငံသားအားလုံးက လိုလားသည့် အုပ်ချုပ်ရေးစနစ်ပင်ဖြစ်ကြောင်း၊ အလားတူ အမျိုးသားရေးရည်မှန်းချက်များအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည် စားရေရိက္ခာဖူလုံရေး စသည့်ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများပေါ်ပေါက်ခဲ့ပြီး ဆိုးရွားကြမ်းတမ်းခဲ့သည့် ကာလ များ၊ တည်ငြိမ်အေးချမ်းမှု အသင့်အတင့်ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရကြောင်း၊ ယနေ့ထက်တိုင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးကြောင်း၊ ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေးအတွက် မလွဲမသွေလိုအပ်ချက်ဖြစ်ပြီး အဓိက ဖြစ်သည့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်လည်း ထည့်သွင်းချမှတ် ဆောင်ရွက်ထားကြောင်း၊ တိုင်းပြည်သာယာဝပြောမည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ တိုးတက်ရန် အခွင့်အလမ်းရှိသဖြင့် တိုင်းပြည် သာယာဝပြောရေးအတွက် မိမိတို့အနေ ဖြင့် မဆုတ်မနစ်သောဇွဲ၊ လုံ့လများ ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်သဘော ထားကြီးစွာ၊ စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်ရမည့် ကိစ္စပင်ဖြစ်ကြောင်း။

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ဆန္ဒကိုလည်း အလေး ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများ၏ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကိုပစ်ပယ် ၍ ပြုမှုလုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ် ခဲ့ပြီး စည်းလုံးညီညွတ်များ ပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များကဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကိုမှန်ကန်စွာ သိရှိနားလည်ပြီး ဆောင်ရွက် ကြရန်လိုကြောင်း။

အလားတူ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ အဆင့်အလိုက်၊ ဒေသအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအပါအဝင် စီမံခန့်ခွဲမှုများ အားလုံးကိုမျှတစွာဖြင့် အခြေခံဥပဒေနှင့်အညီဆောင်ရွက်သွားရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံး တစ်ပြေးညီ ခံစားခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများ ရေးဆွဲပြီးဆောင်ရွက်နိုင်ရန် မူအားဖြင့် သဘောတူပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေတည်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်အတွင်းမှဆောင်ရွက်နိုင်ရန် အခြေအနေများပေးခဲ့ ကြောင်း၊ အဆိုပါလုပ်ပိုင်ခွင့်များကို အသုံးချနိုင်ခဲ့သဖြင့် အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တရား ဥပဒေစိုးမိုးရေးတွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ဆောင်ရွက်ခဲ့ခြင်း ကြောင့်စောလျှင်စွာ တည်ငြိမ်မှုများရရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း ခိုင်ခိုင် မာမာဖြစ်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။

နိုင်ငံ့စီပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ

မိမိတို့နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တပ်မတော်အစိုးရ လက်ထက် ကတည်းက ဈေးကွက်စီးပွားရေးစနစ်ကို လမ်းခင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီစနစ် စတင်လျှောက်လှမ်းချိန်၌လည်း ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးခဲ့ရာ အစိုးရပထမ သက်တမ်းငါးနှစ်အတွင်း နိုင်ငံ၏ GDP တိုးတက် မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းထိတိုးတက်ခဲ့ကြောင်း၊ ဒုတိယအစိုးရသက်တမ်းတွင် ၃ ဒသမ ၂ ရာခိုင်နှုန်းထိကျဆင်းခဲ့ကြောင်း၊ ထိုသို့စီးပွားရေးကျဆင်းခဲ့မှုများကို စီးပွားရေး ကဏ္ဍမှတာဝန်ရှိသူများအနေဖြင့် လေ့လာရန်လိုကြောင်း၊ စီးပွားရေးကျဆင်းခဲ့မှုများမှာ ပြည်ပ၏အကူအညီ အထောက်အပံ့များကို မှီခိုမှုများပြားခြင်းနှင့် ပြည်တွင်းစီးပွားရေး ကိုအားပေးမှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များရှိခြင်းကြောင့် စီးပွားရေးကျဆင်းခဲ့ သည်ဟုယူဆကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် ယခင်အစိုးရလက်ထက်မှ စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင် နှုန်းထိ ကျဆင်းခဲ့ကြောင်း၊ သို့သော်မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်း များဆောင်ရွက်ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်းအပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ၈ ရာခိုင်နှုန်း ခန့် ပြန်လည်တိုးတက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယ ၆ လတာ ကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းထိပြန်လည် တိုးတက်လာကြောင်း၊ ထိုသို့ တိုးတက် လာခြင်းမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတများ၊ လယ်ယာ၊ သားငါးကဏ္ဍများ၊ သစ်တောကဏ္ဍများ လူသားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှု ကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါ အတွေ့အကြုံများကိုယူ၍ ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံ ၏ စီးပွားရေးသည် ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု နှင့် နိုင်ငံရေးရည်မှန်းချက်

နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ကြောင်း၊ ပထမဆုံးအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မပါရှိခဲ့ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီပထမအစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ပါဝင်လျှောက်လှမ်းနိုင်ရေးအတွက် အချို့သော ရွေးကောက်ပွဲ စည်းမျဉ်း၊ ဥပဒေများကို သဘောထားကြီးမားစွာဖြင့် လျှော့ပေါ့ပြင်ဆင်ပေးခဲ့ခဲ့သဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုသံသယဖြစ်ဖွယ်များစွာ တွေ့ရှိရ သဖြင့် မဲစာရင်းရလဒ်များကို စစ်ဆေးဆောင်ရွက်ခဲ့ရာ မဲစာရင်း မှားယွင်းမှုများစွာကို တွေ့ရှိရကြောင်း။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းကို မိမိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်စတင်တာဝန်ထမ်းဆောင်စဉ် ကတည်းကပင် ပြောကြားခဲ့ပြီးဖြစ် ကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကိုလည်း ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်ကို ပြောကြားခဲ့ပြီး ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည်များကို ပြင်ဆင်ရန်လည်း တပ်မတော်မှ သဘောတူပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ပြင်ဆင်ရာတွင် တို့တာဝန်အရေးသုံးပါးကို မထိခိုက် ရန်လိုကြောင်း၊ တို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့တွင် အချုပ်အခြာအာဏာသည် ပြည်သူကဆင်းသက်လာသည့် အချုပ်အခြာအာဏာ ဖြစ်ကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာမခိုင်မြဲသည့် ကာလပတ်လုံး ပြည်တွင်း၊ ပြည်ပပဋိပက္ခများဖြစ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တို့တာဝန်အရေးသုံးပါးကို မိမိတို့၏ အမျိုး သားရေး ဦးတည်ချက်၊ ရပ်တည်ချက်အဖြစ် ဦးထိပ်ပန်ဆင်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း အဆိုပါ အချက်သုံးချက်ကိုပင် အဓိကထား၍ ရေးဆွဲထားခြင်းဖြစ်သည်ကို သေချာစွာ လေ့လာဖတ်ရှုမည်ဆိုပါက တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲ အခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏သမိုင်းတွင် လည်း အဆိုပါရွေးကောက်ပွဲ မဲမသမာမှုသည် အမည်းစက်တစ်ခုအဖြစ် ကျန်ခဲ့ပြီဖြစ် ကြောင်း၊ ထိုကဲ့သို့သော အခြေအနေမျိုး ထပ်မံဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို မဖြစ်မနေ အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်ကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် မိမိတို့ အနေဖြင့် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပုံမှန်အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေ များနှင့် ယင်းအခြေအနေများထက် မနိမ့်သည့်အဆင့်နှင့် ဖြစ်နိုင်ပါက သာလွန်သည့် တိုင်းပြည်၏အခြေအနေကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးနိုင်မှသာလျင် နိုင်ငံတော်ကိုအာမခံချက်ပေးနိုင်မည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအနေဖြင့် မလျှော့သော ဇွဲလုံ့လ ဖြင့်ရရှိသည့် ကာလအတွင်းကြိုးစား၍ တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ယခင်ကလည်း ပြောကြား ခဲ့ကြောင်း၊ မဲစာရင်းများသည် အကြိမ်ကြိမ်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပြီး‌ နောက်ဆုံးမဲစာရင်းသည် ၃၈ သန်းနှင့် ၂ သိန်း ၇ သောင်းဟူ၍ ထွက်လာခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ် မဲစာရင်းအပေါ်မူတည်ပြီး တွက်ချက်ကြည့်မည်ဆိုပါက မိမိတို့ နိုင်ငံ၏ လူဦးရေနှင့် ၂၀၂၀ ပြည့်နှစ်တွင်တိုးတက်လာသည့် လူဦးရေတိုးတက်မှုနှုန်းမှာ ဖြစ်နိုင်ဖွယ်ရာ အနေအထားတွင် မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ပျမ်းမျှအားဖြင့် ဒသမ ၈၅ ခန့်သာရှိသည့်အတွက် လူဦးရေတိုးတက်မှုနှုန်းသည် မည်သို့မျှဖြစ်နိုင်ဖွယ်မရှိသည်ကို တွေ့ရှိရကြောင်း။

မိမိတို့စတင်တာဝန်ယူစဉ် နေပြည်တော်စည်ပင်ရိပ်သာရှိ လွှတ်တော်ကိုယ်စား လှယ်များကို တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ပြီး တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်မှုလမ်းစဉ်ကိုရွေးခြယ် ခဲ့ခြင်းမှာလည်း ကြီးမားသည့်မှားယွင်းသည့် အမည်းစက်တစ်ခုပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် တရားဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲမသမာမှု ဆောင်ရွက်ခဲ့သည့် အမည်းစက်တစ်ခုဖြစ်ပေါ်ခဲ့သည့်အပြင် ဒီမိုကရေစီတွင် ဥပဒေနှင့် ရင်ဆိုင်ဖြေရှင်းရမည်ကို ဥပဒေပြင်ပမှ ဆောင်ရွက်ခဲ့ခြင်းကြောင့် အကြမ်း ဖက်မှုဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပြီး မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ ဖြစ်အောင် တတ်နိုင်သရွေ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တာဝန်ရှိသူများ၊ ဝန်ကြီးချုပ်များ အနေဖြင့် သိရှိနိုင်ရန်၊ စဉ်းစား ဆင်ခြင်နိုင်ရန်၊ သင်ခန်းစာရယူနိုင်ရန်နှင့် ဖော်ထုတ် ချက်များကို သုံးသပ် ဆောင်ရွက်ကြစေလိုကြောင်း။

တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ အနေဖြင့်လည်း မိမိတို့၏ လုပ်ဆောင်ချက်များကိုတင်ပြရာတွင် ထိထိမိမိဖြင့် တင်ပြစေလိုပြီး မိမိတို့ဒေသ၏ အကျိုး၊ တိုင်းပြည်၏ အကျိုးကို ဦးတည်၍ ဆောင်ရွက်ရန်လိုအပ်သည်များကို တင်ပြ ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် နေမှု၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှု၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME) များဖွံ့ဖြိုးတိုးတက်ရေးအားပေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှု၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့် မြစ်ရေတင်စိုက်ပျိုး ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအလိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့် တင်ရေး စိုက်ပျိုးရေးချေးငွေများထုတ်ချေးပေးမှု၊ နိုင်ငံ့ဘဏ္ဍာငွေများကို စည်းမျဉ်းစည်း ကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသုံးစွဲရန်နှင့် စိစစ်ကြပ်မတ်ရန်လိုအပ်မှု၊ လျှပ် စစ်ဓာတ်အားများ ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ မဲစာရင်းမှန်ကန် ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ကုန်သွယ်မှုတွင် သွင်းကုန်ပို့ကုန်များ တိုးတက်လာ မှုနှင့် ပဲမျိုးစုံတင်ပို့မှုကို ဆက်လက်တင်ပို့နိုင်သဖြင့် ပဲစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက် အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဥပဒေရေးရာကိစ္စရပ်များ၊ မော်တော်ယာဉ်များ၏ နံပါတ်ပြားများ လဲလှယ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပညာရေးဝန်ထမ်းများ လိုအပ် ချက်ရှိပါက ထပ်မံခန့်အပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အချက် အလက်များနှင့် လုပ်ငန်းလမ်းညွှန်များကို စက်မှုဝန်ကြီးဌာနမှပြုစုထားသည့် အင်တာ နက်စာမျက်နှာများတွင် အချိန်မရွေးကြည့်ရှုလေ့လာနိုင်မှု၊ နယ်စပ်ဒေသများနှင့် နယ်စပ်ဝင်ပေါက်နေရာများမှ ကိုဗစ် - ၁၉ ကူးစက်မှုများ ဝင်ရောက်လာနိုင်သဖြင့် နယ်စပ်ဒေသမှဝင်ရောက်မှုများကို စနစ်တကျထိန်းချုပ်ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ပြည်သူ့လုံခြုံ ရေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်မှု၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရာတွင် ဥပဒေအတိုင်းဆောင်ရွက်ရန်လိုအပ်မှု တို့ကိုရှင်းလင်း တင်ပြကြ ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နိုင်ငံတော်အတွင်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အချို့သောလက်နက်ကိုင်အဖွဲ့များက နိုင်ငံတည် ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးမှုနှင့် အပြစ်မဲ့ သံဃာတော်များ၊ ပြည်သူများနှင့် ဝန်ထမ်းများကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့မှု နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ကားမှတ်ပုံတင်နံပါတ်ပြားများလဲလှယ်ခြင်း သည်လုံခြုံရေးကိစ္စရပ်များနှင့်သက်ဆိုင်သဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူယာဉ်စည်း ကမ်းလမ်းစည်းကမ်းများ လိုက်နာမှုအားနည်းနေသည် ကိုလည်း တွေ့ရှိရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ KG + 9 ကို နိုင်ငံတော်၏အနိမ့်ဆုံး ပညာရေး ရည်မှန်းချက်အဖြစ်ထားရှိကြောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့်ပတ်သက်၍ အဆိုပါ ကျောင်းများသည် ပညာရေးဝန်ကြီးဌာန၊ MIC နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မည်သည့်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်သည်ဖြစ်စေ မိမိတို့နိုင်ငံ၏ စည်းကမ်းသတ်မှတ်ချက်များ၊ ယဉ်ကျေးမှုများကို အလေးထားလိုက်နာ ရန်လိုကြောင်း၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အဆင့်ဆင့် စိစစ်ဆောင်ရွက်ရန်လိုကြောင်း။

အချို့သောဒေသများတွင် နွေရာသီ၌ သောက်သုံးရေများအခက်အခဲဖြစ်ပေါ် လျက်ရှိကြောင်း၊ မိုးရေကိုထိန်းသိမ်း၍ ဆောင်ရွက်နိုင်ကြောင်း၊ အချို့သောဒေသများ တွင် မိုးရေကိုခံယူ၍ တစ်နှစ်ပတ်လုံးသုံးစွဲကြသည်ကိုတွေ့ရှိရကြောင်း၊ ရေရရှိရေး အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် များအလိုက် မိမိတို့အစီအစဉ်ဖြင့်ဆောင်ရွက်၍ ရသည်များကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ စားရေရိက္ခာလုံလောက်စွာရရှိရေး အတွက် ဝန်ကြီးချုပ်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး စိုက်ပျိုးရေများကို လည်းအကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေးအတွက် ပန်းတိုင် ရည်မှန်းချက်များအတိုင်း ပြည့်မီအောင်တစ်ဧကအထွက်နှုန်း တိုးတက်စေရန် ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

စက်သုံးဆီဈေးများမှာ မြင့်တက်လျက်ရှိပြီး မိမိတို့အနေဖြင့် နှစ်စဉ်စက်သုံးဆီ များ များစွာတင်သွင်းနေရကြောင်း၊ ထို့ကြောင့်စက်သုံးဆီသုံးစွဲမှုများကို လျှော့ချရန်နှင့် Public Transportation ကို ဦးစားပေးသုံးစွဲကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လို ကြောင်း၊အလားတူစိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့်စိုက်ပျိုးရေလုံလောက် စွာရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း များဖြင့် အသုံးပြု၍ဆောင်ရွက်ကြစေလိုကြောင်း။

အားကစားရုံနှင့်အားကစားကွင်းများတည်ဆောက်ရာတွင် အရှည်ကိုမျှော်တွေး ၍ဆောင်ရွက်ကြစေလိုကြောင်း၊ အဆင့်မီသည့်အားကစားရုံများဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လူဦးရေကိုမျှော်တွေး၍ဆောင်ရွက်ကြစေလို ပြီး ဝန်ကြီးချုပ်များအနေဖြင့်စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း။

စားရေးသည် လူသားတိုင်း အတွက်အရေးကြီးကြောင်း၊ ထို့ကြောင့်စားရေး အတွက်လိုအပ်ချက်ရှိသည့် ပြည်နယ်နှင့်တိုင်းများအနေဖြင့် ဆန်နှင့် အသား၊ ငါးများ ဖူလုံရန်အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို လုံလောက်စွာထုတ်လုပ် နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံစွာဖြင့် စားသုံးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဒေသအလိုက် ဆန်နှင့် အသား၊ ငါးများ ဖူလုံမှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများ ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရန်လိုကြောင်း ဆွေးနွေးမှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့တွင် လုပ်နိုင်ကိုင်နိုင်သူများ ကိုသာခန့်အပ် ထားခြင်းဖြစ်သည့်အတွက် အခက်အခဲအကြပ်အတည်းများစွာကို ကျော်ဖြတ်၍ အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်ကာလကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်တွေ့ဆုံအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းသည် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးထွက် ကုန်များကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်ဖွံ့ဖြိုးမှုများကို များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာမည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည် ဖြစ်ပြီး ၎င်းမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပမှသွင်းကုန်များကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်မွေးမြူမည်ဆိုပါက ပြည်တွင်းစားသုံး မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များကိုလည်း တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဇီဝမြေဩဇာများကိုလည်း ရရှိစေမည် ဖြစ်သကဲ့သို့ MSME လုပ်ငန်းများကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ် ပြီး ဝင်ငွေများရရှိမည်ဖြစ်ကာ ဒေသတွင်းနှင့်နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေမည်ဖြစ်၍ ဒေသအလိုက်စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း။

ရေသုံးစွဲမှုနှင့်ပတ်သက်၍ အဖိုးတန်ရေချိုကို ချွေတာသုံးစွဲရန်လိုအပ်မည်ဖြစ် ကြောင်း၊ ရေကို အကျိုးရှိရှိဖြင့် လိုအပ်သည့် ပမာဏကိုသာ အသုံးချရန်လိုကြောင်း၊ ရေ နှင့် ပတ်သက်၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောရှိရမည့်နေရာတွင် သစ်ပင်ရှိစေရေး သက်ဆိုင်ရာ ဒေသနှင့် ဝန်ကြီးဌာနများက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် သန့်ရှင်းသပ်ရပ် မှုရှိစေရေးသည်လည်းအရေးကြီးကြောင်း၊ တစ်ဦးချင်း၏ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ သပ်ရပ်စွာ ဝတ်စားဆင်ယင်တတ်မှုမှသည် မိမိမြို့နယ်၊ မိမိဒေသ၊ မိမိတိုင်းပြည် တစ်ခုလုံးအထိ သန့်ရှင်းသာယာလှပနေရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ သန့်ရှင်း သပ်ရပ်စွာ နေထိုင်တတ်မှုသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် စည်းကမ်း စနစ်တကျရှိမှုတို့ကို ပြသနေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် သာယာလှပပြီး ပို့ဆောင်ဆက်သွယ်ရေး၊ အစားအသောက်များ အားလုံးကောင်းမွန်နေမည်ဆိုပါက ခရီးသွားလုပ်ငန်းသည် လည်းတိုးတက်လာပြီး အခြေခံလူတန်းစားများ၏ ဝင်ငွေများတိုးတက်လာကာ ထိုမှ တစ်ဆင့် နိုင်ငံ့ဝင်ငွေသည်လည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တိုးတက်ရေးအတွက် နိုင်ငံ၏ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်မှုနှင့် ပို့ကုန် အဆင့်မြှင့်တင်နိုင်ရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ကိုလည်း တိုက်ဖျက် နိုင်ရန်လိုကြောင်း၊

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ ကို သင်ခန်းစာယူပြီး မဲစာရင်းများ မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မဲစာရင်းသည် ၂၀၁၄ ခုနှစ်တွင် ကောက်ယူ ရရှိခဲ့သည့် သန်းခေါင်းစာရင်းပေါ်တွင် မူတည်၍ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် စာရင်းဇယားတိကျမှုရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း စာရင်းဇယား မှန်ကန်စေရေးသည် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့် စာရင်းဇယားများ မှန်ကန်မှု ရှိစေရေး ယခုအချိန်ကတည်းကပင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူ၍ စာရင်းဇယားများတိကျမှန်ကန်မှုရှိ စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်း မပေးခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏တာဝန်ပင် ဖြစ် ကြောင်း၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည့် အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှု၊ ဖိအားပေးမှုကင်းရှင်းစွာ ဖြင့် တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရေး မိမိတို့အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မဲစာရင်းများတိကျမှန်ကန်ရေး၊ လူတိုင်းမဲပေးနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း။

၎င်းကိစ္စများဆောင်ရွက်နိုင်ရန် ကျန်ရှိသည့်အချိန်တွင် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေနှင့် တိုးတက်မှုများအပေါ် မူတည်၍ ရွေးကောက်ပွဲကိစ္စကို ထပ်မံသုံးသပ်ရမည်ဖြစ်သဖြင့် စနစ်တကျအားထည့်ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်းဖြင့်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။