နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်

 နေပြည်တော်၊ ဇွန် - ၃၀

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာ အောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသန်းဆွေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ်က ဘွဲ့တံဆိပ်ပေးအပ်သည့်အမိန့်ကို ဖတ်ကြားတင်ပြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့ သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ထံ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ထို့နောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ် ရရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုစကားပြောကြားရာတွင် အဆွေတော်သံအမတ်ကြီးအား ယခုကဲ့သို့ စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရသည့်အတွက် မြန်မာနိုင်ငံကိုယ်စား များစွာဝမ်းမြောက်ပါကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် ရိုးရိုးသံအမှုထမ်းမှ သံအမတ်ကြီးတာဝန်အထိ ၁၄ နှစ်တာကာလခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ကို ကြုံတွေ့ခဲ့ရသဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အတွေ့အကြုံများစွာကို ရရှိပြီးဖြစ် ကြောင်း၊ အဆွေတော်အနေဖြင့် သံအမတ်ကြီးတာဝန် ထမ်းဆောင်ချိန်ကာလအတွင်း မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ (၇၅) နှစ် ပြည့်မြောက်သည့်အချိန်ဖြစ် ကြောင်း၊ အဆိုပါကာလအတွင်း အဆွေတော်၏ တာဝန်ထမ်းဆောင်မှုမှာ နိုင်ငံရေး အပြောင်းအလဲများအကြား ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ကြီးမားကျယ်ပြန့်ပါကြောင်း၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ယခင်ကထက် ပိုမိုတိုးတက်အောင်ဆောင်ရွက် နိုင်ခဲ့သဖြင့် ယခုကဲ့သို့ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုဘွဲ့တံဆိပ်ချီးမြှင့်ချိန်တွင် အဆွေတော်အနေဖြင့် တာဝန်ပြီးဆုံး၍ ရုရှားနိုင်ငံသို့ ပြန်လည်သွားရောက် တာဝန်ထမ်းဆောင်တော့မည် အချိန်ဖြစ်ကြောင်း၊ သံအမတ်ကြီး တာဝန်ကို ၇ နှစ်တာကာလတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များတွင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ နိုင်ငံတကာရေးရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အဆွေတော်အနေဖြင့် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ အဆွေတော် အနေဖြင့်ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များပိုမိုကျယ်ပြန့်ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာ စေရန် ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း၊ တပ်မတော်အစိုးရလက်ထက်မှစ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ခဲ့ပြီး မိမိတာဝန် ထမ်းဆောင်ချိန်တွင် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးနှင့် ပတ်သက်၍လည်း ရုရှားနိုင်ငံ၏ ပူးပေါင်းကူညီပေးမှုများသည်လည်း အဓိကကျကြောင်း၊ မြန်မာနိုင်ငံ အတွက်လိုအပ်သည့် လူသားအရင်း အမြစ်များမွေး ထုတ်ပေးရန်အတွက် ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာနိုင်ငံမှ ပညာတော်သင် များ တက်ရောက်သင်ကြားနိုင်ခဲ့ကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့မှုများနှင့် ပတ်သက်၍လည်း မိမိအနေဖြင့်အားရ ကျေနပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများကို ဂုဏ်ထူး ဆောင်ဘွဲ့ပေးအပ်ခြင်းသည် ယခုရုရှားနိုင်ငံသံအမတ်ကြီး အားပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စွမ်းစွမ်းတမံဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ နောင်အခါတွင်လည်း ကာယကံရှင်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနယ်ပယ်များတွင် အကောင်းဆုံးဆောင်ရွက်ခြင်းများကို ဆောင်ရွက်နိုင်သည့် သံအမတ်ကြီးများကိုလည်း ချီးမြှင့်ပေးနိုင်ရန်အတွက် အခွင့် အလမ်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV က ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ကျေးဇူးတင်စကားပြောကြားရာ တွင် ယခုကဲ့သို့ဘွဲ့တံဆိပ်ချီးမြှင့်ပေးသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိ အတွက်သာမက ရုရှားသံရုံးရှိ သံတမံများနှင့် အမှုထမ်းမိသားစုများအားလုံးအတွက် ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်စေရန်အတွက် မိမိ အနေဖြင့် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း အင်တိုက်အားတိုက်ကြိုးပမ်းဆောင် ရွက်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင့်မြင့်သည့်ဆက်ဆံရေးသို့ ရောက်ရှိလာ ပြီဖြစ်ပြီး ယခင်ကထက်များစွာ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ အဆွေတော် အနေဖြင့် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပပြု လုပ်သည့်(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ် ရုရှားဖက် ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း နှစ်ဖက်နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများ ဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်း မွန်လာခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ကာကွယ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများ၊ ရင်နှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အရေးကြီးပါကြောင်း၊ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး အတွက် ပညာရေးသည်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံမှ ပညာတော်သင်များကို ရုရှားနိုင်ငံတွင် ပညာသင်ကြားပေးနိုင်ခဲ့ပြီး အဆင့်မြင့်ဒေါက်တာဘွဲ့များအထိ ရရှိခဲ့ သူများလည်းရှိကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံတွင် ၁၄ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို တွေ့ကြုံခဲ့ရကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင် ရေးမိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးရှိပြီးဖြစ်ပြီး အနာဂတ် ကာလတွင်လည်း ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင် ရွက်နေမှုများအပေါ်လည်း အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးများ ကိုဆောင်ရွက်နိုင် မည်ဟု ခိုင်ခိုင်မာမာယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေး မိမိအနေဖြင့် ဆထက်ထမ်းပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်သည့်အတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းနည်းပညာ၊ အားကစားနှင့် ယဉ်ကျေးမှု စသည့် နယ်ပယ်မျိုးစုံတွင် ပူပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။