နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်          ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ၊ ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့်  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော်၊ ဇွန်  ၁၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ အောင်ကျော်မင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ မျိုးသိန်းကျော်နှင့် ဒေါက်တာ သက်ခိုင်ဝင်း၊  ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ လေဆိပ်သို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့၊ ကုလားတန်ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး ကုန်တင်သင်္ဘောများ ဆိုက်ရောက်နေမှု၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများအား ကူညီ ကယ်ဆယ်ရေးအဖွဲ့များက ဆိပ်ကမ်းသို့သယ်ယူပို့ဆောင်နေမှုများကို ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ  လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ချုပ်သည် စစ်တွေတက္ကသိုလ်သို့ရောက်ရှိရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်နှင့် တာဝန်ရှိသူများက   မုန်တိုင်း ဒဏ်ကြောင့် ပျက်စီး သွားသည့် ဘွဲ့နှင်းသဘင်ခန်းမ ပြင်လည်ပြုပြင် တည်ဆောက်နေမှု၊ တတိယနှစ်၊ စတုတ္တနှစ် သင်တန်းများနှင့် ပထမနှစ် ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြရာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမိုးပြုပြင်ခြင်းလုပ်ငန်းအား တစ်လအတွင်း ပြီးစီးအောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်အင်္ဂါရပ် နှင့်အညီ ပြုပြင်တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် အတွင်း/ အပြင် ဉပဓိရုပ် ကောင်းမွန်အောင် သန့်ရှင်းရေးဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားပြီး မဟာတန်းတက်ရောက်လျက်ရှိသည့် ကျောင်းသား / ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ တက္ကသိုလ်ဝန်းအတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် သည် စစ်တွေကမ်းနားပတ်လမ်း (ရှုခင်းသာလမ်း) ၊ စာတိုက်လမ်းဆုံမှ စစ်တွေဟိုတယ်အထိ အရှည်ပေ ၁၂၉၀၀ လမ်းပိုင်း ပြင်ဆင်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

လမ်းပိုင်း ယာယီရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့် က လမ်းပိုင်းပြုပြင်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် သည် စစ်တွေမြို့ ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင် က မိုခါမုန်တိုင်းဒဏ်ကြောင့် သားဖွားမီးယပ်လူနာဆောင်၊ ကိုဗစ်-၁၉ လူနာဆောင် ၊ ကျောက်ကပ်သန့်စင်ဌာန ၊ သွားနှင့်ခံတွင်းရောဂါကုဌာနနှင့် ဝန်ထမ်းအိမ်ရာများ ခေါင်းမိုး  ပျက်စီးမှု၊ သူနာပြု နှင့်သားဖွားသင်တန်းကျောင်း (၂)ထပ်ဆောင်နှင့် တိုင်းရင်းဆေးရုံတိုးချဲ့(၂)ထပ် ဆောင်ပျက်စီးမှုတို့ကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက် ပေးပြီး ဆေးကုသမှုခံယူလျက်ရှိသည့် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ၊ သက်တော် (၁၀၅)နှစ်၊ ဝါတော်(၈၅) ဝါရှိ ဒုံးပိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏ အား ဖူးမျှော်ကြည်ညိုပြီး ကျန်းမာရေး အခြေအနေများကို မေးမြန်းလျှောက်ထားသည်။

        ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် သည် ဆေးရုံအတွင်း ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူ များကို တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျောက်ကပ် သန့်စင်ဌာနစိတ် ကို ကြည့်ရှုစစ်ဆေးသည်။

        ထို့နောက်  စစ်တွေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် လောကာနန္ဒာ စေတီတော် ဝန်းအတွင်းရှိ သာသနာ့ ဗိမာန်၌  မိုခါ မုန်တိုင်းကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အား ပေး ဆောင်ရွက်ခဲ့ကြသည့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပရဟိတအဖွဲ့များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက် သည်။

အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင်  ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ အနေဖြင့် ကိုယ်ကျိုးစီးပွားကို လှစ်လျူရှု၍ အနစ်နာခံပြီး အားကြိုးမာန်တက်  စေတနာ အပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သည့်အတွက် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာက ပြင်းထန်၍ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်နိုင်သည်ဟု မျှော်လင့်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ အမျှော်အမြင်ရှိစွာဖြင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လေဖိအားနည်း စတင်ဖြစ်ပေါ်ခဲ့သည့် မေ ၆ ရက်မှစ၍ Disaster Management Centre-DMC   ကိုဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး မေ ၈ ရက်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း။

          ပြည်သူများ တစ်ဦးတစ်ယောက်မကျန် ဘေးအန္တရာယ်ကင်းရှင်းစေရန် ပြင်ဆင်စုဖွဲ့မှုများ၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက်များအရ လိုအပ်သော ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ နာဂစ်မုန်တိုင်း၏ သင်ခန်းစာများကို ရယူကာ ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြောင်း၊ မေ ၁၄ ရက်တွင် မုန်တိုင်းဝင်ရောက်ခဲ့သော်လည်း မိမိတို့အနေဖြင့် မေ ၆ ရက်နေ့ကတည်းကပင် Function ဖြစ်အောင် ကြိုတင် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီရေစတက် ချိန်ဖြစ်ပေါ်ခဲ့၍လည်း ထိခိုက်မှုနည်းခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် သတ်မှတ်ချိန်ထက် စော၍ အနီရောင်အဆင့်ကြေညာခဲ့သဖြင့် ကြိုတင်ရွှေ့ပြောင်းမှု အား အချိန်စောစွာ ရွှေ့ပြောင်းနိုင်ခဲ့သောကြောင့် ထိခိုက်သေဆုံးဆုံးရှုံးမှုကို အနည်းဆုံးလျှော့ချနိုင်ခဲ့ကြောင်း၊ မုန်တိုင်းအလွန်ကာလ ရှာဖွေကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စောလျင်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ အနေအစားဆင်းရဲစွာဖြင့် မုန်တိုင်း ထိခိုက်ခဲ့သော နေရာများတွင် အားတက်သရော ဝင်ရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ အပေါ် အလျင်းသင့်သလို ဂုဏ်ပြု ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် မှာကြားခဲ့ကြောင်း။

          ယခုကဲ့သို့ စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ပြီး ပျက်စီးဆုံးရှုံးမှု မြင်ကွင်းနှင့် ယခု(၁)လပြည့် ကာလ ပြန်လည်ထူထောင်ပြီးစီးမှု မြင်ကွင်းသည် ဝမ်းသာအားရကျေနပ်ဖွယ်ပြောင်းလဲနေသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်၏ အစီအမံဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့်ရပ်ကွက်အလိုက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ဒေသအကျိုးဆောင်ရွက်ရာတွင် ပြည်သူသည် ထာဝရ၊ ဝန်ထမ်းသည် တစ်ခဏ သာဖြစ်၍ မိမိဒေသအကျိုးအတွက် အပြည့်အဝပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း။

          ပညာရေးနှင့်ပတ်သက်၍ မုန်တိုင်းကြောင့် ကျောင်းပေါင်း ၁၅၈၃ ကျောင်း ပျက်စီး ဆုံးရှုံးဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ အစီအမံအရ အထက်တန်းအဆင့်များ ဦးစားပေး ပြင်ဆင်၍ ဇွန် ၁ ရက်နေ့အမီ ဖွင့်လှစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေ သူအားလုံး KG+9  အောင်မြင်ရန် မူဝါဒနှင့်အညီ ပညာရေးကို အလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဇွန် ၁ ရက်တွင် ကျောင်းများဖွင့်လှစ်ခဲ့ခြင်းဖြင့် ကျောင်းသားမိဘများ၏ စိုးရိမ် ပူပန်မှုများကို ဖြေလျော့ပေးနိုင်ခဲ့ကြောင်း။

          ကျန်းမာရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာလကတည်းကပင် အသက်ထက်အရေးကြီးတာ ဘာမျှမရှိဟူသော မူဝါဒနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း၊ ဆေးရုံနှင့် ပတ်သက်၍ လိုအပ်သော ပြင်ဆင်မှုများကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း။

          ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍာတစ်ခု ဖြစ်ကြောင်း၊ ယနေ့တွင် ရာနှုန်းပြည့် ဆက်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ် နေပြီဖြစ်ကြောင်း၊ နေ့စဉ် ကဏ္ဍအလိုက် လုပ်ဆောင်မှုများကို အခက်အခဲမရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး  Disaster Management Centre-DMC  မှ နေ့စဉ်ပုံမှန်အစည်းအဝေး ပြုလုပ်၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လမ်းညွှန်မှု ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပေါ် စိတ်ဝင်တစ်စား စောင့်ကြည့် လမ်းညွှန်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း။

          မုန်တိုင်းကြောင့်  လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ငွေကျပ် ၅၂၂ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း၊ မုန်တိုင်းကြောင့် သေဆုံးသူများသည် အချိန်မီ ရွှေ့ပြောင်းနိုင်ရန် တာဝန်ရှိသူများ၏ စီမံမှုအပေါ် ငြင်းဆန်ခဲ့မှုများကြောင့် မဖြစ်သင့်ဘဲ အသက် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း၊  အဖွဲ့အစည်းဖြင့် စနစ်တစ်ကျ ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ ပြန်လည် ထူထောင်နိုင်ခြင်း ဖြစ်ကြောင်း၊   ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် (၁၇) မြို့နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၄) မြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၁၁)အရ ကြေညာခဲ့ကြောင်း၊ မုန်တိုင်းထိခိုက်မှု ပြင်းထန်သော စစ်တွေ၊ မောင်တောနှင့် ရသေ့တောင် ကဲ့သို့သော မြို့များအတွက် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်မှု မရှိစေရန် လယ်ထွန်စက်၊ ကျွဲ၊ နွားနှင့် မျိုးစေ့များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။

          နိုင်ငံတကာ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများက ဆုံးရှုံးမှု ကြီးမားမည်ဟု မျှော်မှန်းထားသော်လည်း “ ပြည့်အင်အားသည် ပြည်တွင်းမှသာ ရှိသည်” ဟူသော စကားနှင့်အညီ စည်းလုံးညီညွတ်မှုနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတို့ ကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်သကဲ့သို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်မှုများသည်လည်း စည်းလုံး ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်ပင်ဖြစ်ကြောင်း။

          ယခုကဲ့သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများ အားလုံးနှင့်  ပြည်သူ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင် ဒေါက်တာ အောင်ကျော်မင်း တို့သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်သည်။

          ယနေ့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရွပ်ရွပ်ချွံချွံ ရှင်းလင်း လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့်  ကူညီကယ်ဆယ်ရေးနှင့်ပရဟိတအဖွဲ့ စုစုပေါင်း (၂၀)ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေမှာ ငွေကျပ် ၄၉၀ သိန်းဖြစ်ကြောင်း  သိရှိရသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်ရှိ နန္ဒာရာမ ပရိယတ္တိ စာသင်တိုက် သို့သွားရောက်၍ ပဏ္ဏိတနန္ဒာရာမ ကျောင်းဆရာတော် အဂ္ဂမဟာဂန္ထ ဝါစက ဘဒ္ဒန္တ နန္ဒသီရိ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။