နိုင်ငံအတွင်းမှထွက်ခွာလိုသဖြင့် လေယာဉ်ပြေးလမ်းပေါ်ရောက်လာသည့် အာဖဂန်နစ္စတန်ပြည်သူများကို အမေရိကန်စစ်ဘက်က ခြောက်လှန့်ပစ်ခတ်

ကဘူး၊ လုံခြုံရေး

အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်စစ်သွေးကြွများက နိုင်ငံကိုသိမ်းပိုက်လိုက်နိုင်ပြီးနောက် ထိုနိုင်ငံအတွင်းမှထွက်ခွာလိုသည့်   အာဖဂန်နစ္စတန်ပြည်သူများသည် ကဘူးမြို့ရှိ လေယာဉ်ပြေးလမ်းပေါ်ရောက်လာသောကြောင့် အမေရိကန်စစ်ဘက်က ခြောက်လှန့် ပစ်ခတ်မှုများ ပြုလုပ်ကြောင်းသိရသည်။

တာလီဘန်စစ်သွေးကြွများသည် သြဂုတ် ၁၅ ရက်နှောင်းပိုင်းတွင် နိုင်ငံကိုသိမ်းပိုက်လိုက်နိုင်ပြီးနောက် သြဂုတ် ၁၆ ရက် နံနက်ပိုင်း တွင်   ခရီးသည်တင်လေယာဉ်များအားလုံးပြေးဆွဲမှုရပ်တန့်လိုက်သည့်အတွက် အာဖဂန်နစ္စတန်နိုင်ငံသားများက ရရာလေယာဉ်ဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် လေယာဉ်ပြေးလမ်းပေါ်ရောက်လာခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမေရိကန်ဝန်ထမ်းများနှင့် အမေရိကန်အတွက် အလုပ်လုပ်ပေးခဲ့သည့်   အာဖဂန်နစ္စတန်ပြည်သူ အချို့ကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် လေဆိပ်ပတ်ဝန်းကျင်ကို အမေရိကန်စစ်ဘက်က ထိန်းချုပ်ထားသည်။ လူမှုမီဒီယာတွင်တက်လာသည့် ဓာတ်ပုံများအရ လေယာဉ်ပြေးလမ်းပေါ်တွင် ဝရုန်းသုန်းကားအခြေအနေများဖြစ်နေသည်ကို မြင်တွေ့ရသည်။

ထို့ပြင် မိသားစုများမှာလည်း ရရာပစ္စည်းများကို သေတ္တာထဲထည့်ကာ ထွက်ခွာလာသည့်ပုံများနှင့် ကလေးငယ်များမှာ ကြောက်ရွံ့ ထိတ်လန့်နေသည့်ပုံများကိုလည်း လူမှုမီဒီယာတွင်တွေ့ရသည်။ အမေရိကန်ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့များက  အာဖဂန်နစ္စတန် နိုင်ငံကို ၂၀၀၁ ခုနှစ်တွင် ကျူးကျော်ဝင်ရောက်သိမ်းပိုက်ပြီးနောက် ရုပ်သေးအစိုးရကို တင်မြှောက်ထားခြင်းဖြစ်ပြီး ယခုအခါ ထိုနိုင်ငံမှ နိုင်ငံစုံတပ်ဖွဲ့များ ရုပ်သိမ်းမှုကြောင့် တာလီဘန်တို့က နိုင်ငံကိုသိမ်းယူနိုင်ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်သမ္မတ အာရှရက်ဂါနီမှာ သြဂုတ် ၁၅ ရက်ညတွင် လေယာဉ်ဖြင့်ထွက်ပြေးသွားသည့်အတွက် တာလီဘန်တို့က သမ္မတနန်းတော်ကိုအလွယ်တကူသိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း  သိရသည်။                    

Ref: TST