နိုင်ငံအတွင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့က အမြင့်ဆုံးအဆင့် သတိထား

ကွာလာလမ်ပူ၊ ပြည်တွင်းရေး

အင်ဒိုနီးရှားနိုင်ငံ၌ မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ အတွင်း အလားတူ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်ခြေနှင့် ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့က အမြင့်ဆုံးအဆင့် သတိထားလုပ်ဆောင်နေကြောင်း ရဲချုပ်က ဧပြီ ၁ ရက်တွင်ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့အနေဖြင့် နိုင်ငံအတွင်းရှိ မည်သည့်အကြမ်းဖက်အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အမာခံများနှင့် ပတ်သက်၍ ထောက်လှမ်းရေး သတင်းရရှိနိုင်ရေးဆောင်ရွက်နေကြောင်း ရဲချုပ်ဟာမစ်ဘာဒါက ပြောသည်။

အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ မည်သည့်အခါမျှပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ် ကြောင်း၊ အကြမ်းဖက်ခြိမ်းခြောက်မှုကို ထိန်းချုပ်ဟန့်တားရန် အင်ဒိုနီးရှားရဲတပ်ဖွဲ့အား အကူအညီပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဟာမစ်ဘာဒါကဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရှိ တာဝန်ရှိသူများက နိုင်ငံအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့နှင့် ဝတ်ပြုရာနေရာများကိုပစ်မှတ်ထားသည့် နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံ၌ မတ် ၃၁ ရက်တွင် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်ရေးသမား အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲ့ဌာနချုပ်သို့ဝင်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်စဉ် ရဲတပ်ဖွဲ့၏ အသေပစ်ခတ် ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

မတ် ၂၈ ရက်တွင်လည်း မာကက်ဆာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၏ရှေ့၌ ညားခါစ ဇနီး မောင်နှံနှစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ဆောင်ရာ လူအယောက် ၂၀ ဒဏ်ရာရရှိသည်။

အဆိုပါတိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့သူများအားလုံးမှာ ISIS စစ်သွေးကြွအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ် နေသူများ ဖြစ်ကြောင်းသိရသည်။

Ref: TST