နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ဥက္ကဋ္ဌ စဝ်ယွက်စစ် နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ဥက္ကဋ္ဌ စဝ်ယွက်စစ် နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မေ - ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌ စဝ်ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း နှင့် ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန် တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်အမြင်တူညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA) အဖွဲ့ဥက္ကဋ္ဌ ကလည်း ၎င်းကိစ္စများနှင့် ပတ်သက်၍ သဘောထားအမြင်တူညီချက် များအား ပြန်လည်ဆွေးနွေးခဲ့ပြီး အဖွဲ့များအားလုံး တွေ့ဆုံပြီးစီးသည့်အချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အချိန်ဇယား(Time Frame) ကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA) အဖွဲ့ဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။