နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ   မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ   မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၅

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Iskander Azizov သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။

        ထို့နောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှှီးမှုများ ပိုမိုတိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ပညာသင်ကြားမှု ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ မြှင့်တင်မှုကိစ္စရပ်များနှင့် အခြားကဏ္ဍပေါင်းစုံ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များသွားရောက်လျက်ရှိမှုနှင့် ခိုင်မာ ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းပျံသန်းမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်နေမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့်စပ်လျဉ်းပြီး  ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

        အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ ကြကြောင်းသတင်းရရှိသည်။