နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် ဩစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Marie Faulkner အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ကြပြီး ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံစစ်သံမှူး Colonel Anthony Egan နှင့် သံရုံး ဒုတိယအတွင်းဝန် Mr. Bryan Bong တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်စီးစေ ရန် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားနိုင်ငံ့ဝန်ထမ်းများ အပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အခြေအနေများ၊ အဆိုပါ အကြမ်းဖက် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများ၊ အားပေးအားမြှောက်ပြုလုပ်သူများကို ဥပဒေ နှင့်အညီသာ အရေးယူဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လာရောက်ခဲ့မှုကို ဩစတြေးလျနိုင်ငံအနေဖြင့် ဝမ်းမြောက်ကြိုဆိုပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်မည် ဟု ယုံကြည်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီ ချက်(၅)ရပ်အပေါ် ဆောင်ရွက်နိုင်သည်မှန်သမျှကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများအတိုင်းသာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေး၍ရနိုင်သည်မှန်သမျှကို တွေ့ဆုံဆွေးနွေးနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အာဆီယံအသင်း၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဌာန AHA Centre မှတစ်ဆင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်လည်း မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသူများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသူ များရှိပြီး အစိုးရကိုကူညီမှုနှင့် ပြည်သူကိုကူညီမှုကို ကွဲပြားစွာ သိမြင်စေလိုသည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။