နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၃

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာ နိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ် တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Holy Cathedral Church သို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ် ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အခမ်းအနားကို စတင် ကျင်းပပြီး သိက္ခာတော်ရဆရာ စောစံအောင် (MCMC)က ခရစ္စမတ် ဆုတောင်းပြီး “ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။ ထို့နောက်  သိက္ခာတော်ရဆရာ စောစမ်စန်(MBC)က ခရစ်ယာန်အဖွဲ့ချုပ်ကြီးကိုယ်စား ကြိုဆို နှုတ်ဆက် စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ပွဲတော်ဝတ်ပြု ကိုးကွယ်မှုအစီအစဉ်များကို နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပ ကြ လေ့ရှိပါကြောင်း၊ အထူးသဖြင့် နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခြင်းဖြစ်သည့်အတွက် ခရစ်ယာန်ဘာသာဝင်များ၏ ထူးကဲ ကြီးမြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကိုလည်း ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ် အခါသမယတွင် ခရစ်ယာန် ဘာသာဝင် များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် များစွာဂုဏ်ယူပါကြောင်းနှင့် ခရစ်ယာန် ဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာ ရှိကြပါစေဟု ထပ်လောင်း ဆန္ဒပြုမေတ္တာ ပို့သအပ်ပါကြောင်း။

ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှု ဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များအပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်း တရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပါကြောင်း၊ တစ်ဦး အပေါ်တစ်ဦး မေတ္တာတရား၊ ချစ်ခြင်းတရားများဖြင့် ခရစ္စမတ်၏ အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းသာယာ ဝပြောသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည် အေးချမ်းသာယာသည့် ကမ္ဘာကြီး အဖြစ် ရောက်ရှိလာနိုင်မှာဖြစ်ပါကြောင်း။

ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး (၄)ခု အဖြစ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာတို့ကို သတ်မှတ်ထား ကြပါကြောင်း၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသား များအတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ဘာသာတရားများ၏ ညွှန်ပြမှု အဆုံးအမများကို လိုက်နာ ကျင့်သုံး၊ ကျင့်ကြံ ကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ ငြိမ်းချမ်းသာယာဝပြော သည့် နိုင်ငံအဖြစ်တည်ရှိနေမည်မှာ ဧကန် မလွဲဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်ဘာသာကြီး (၄)ခုအပြင် အခြားသောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အသိအမှတ်ပြုထားသည့် ဘာသာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ် ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြား ပြဋ္ဌာန်း ချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ဆောင်ရွက် နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။

မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာနှင့်အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်း ပဝေသဏီထဲကပင် အတူတကွနေထိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်း စိတ်ထားနှင့် တည်ဆောက် ခဲ့ကြပါကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများ အချင်းချင်း၏အကြားတွင် စည်းလုံးညီညွတ် မှုပျက်ပြားအောင်၊ ပြိုကွဲအောင် လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြုကာကွယ် ကြရန်လိုအပ်သည်ကိုလည်း ပြောကြားလိုပါကြောင်း။

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါကြောင်း၊ ဘာသာ တရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း။

မိမိတို့အစိုးရ လက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကြွ ရောက်လာကြသည့် ခရစ်ယာန်ဘာသာဂိုဏ်း ပေါင်းစုံအသီးသီးမှ ဆရာတော်ကြီး များနှင့် ဘာသာပေါင်းစုံက အကြီးအကဲများအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့် ဘက်က တတ်နိုင်သမျှ နည်းလမ်းများနှင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင် ဆောင်ရွက်ပေးကြပါရန် ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အမျိုးသားရေး မျှော်မှန်းချက် (၂)ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံပေါများရေး တို့ ဖြစ်ပါကြောင်း။

ဘာသာ သာသနာ၏ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း” ဖြစ်သည့် အတွက်တိုင်းပြည်သာယာဝပြောရေးအတွက် မိမိဆန္ဒပြုသည့် ငြိမ်းချမ်းရေးနှင့်အတူ လူသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကို ရစေမည်ဖြစ်ပါ ကြောင်း၊ စားရေရိက္ခာ ဖူလုံပေါများခြင်းသည်လည်း တိုင်းပြည်သာယာ ဝပြောခြင်းကို တိုက်ရိုက် အထောက်ကူပြုပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်းရှိ ရဟန်းရှင်လူအားလုံး ကိုယ်စီ ထိန်းသိမ်းကြိုးစား လုပ်ဆောင်သွားကြရန်လိုပါကြောင်း။

၂၀၂၂ ခုနှစ်အတွက် ကျင်းပသည့် ခရစ္စမတ် နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံ၌ အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး တို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ရေးဆိုသည့် ကောင်းမြတ်သော အခွင့်အရေးများကို နိုင်ငံသားများ အားလုံး ရရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်း ပြောကြားလိုပါ ကြောင်း။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကာလက ခရစ်တော် မွေးဖွားသည့် ညအခါ သမယတွင် ကောင်းကင်တမန်များက သိုးထိန်းနေသည့် သိုးထိန်းများကို ကိုယ်ထင်ရှား ပြပြီး “ရှင်လုကာ အခန်းကြီး ၂ အခန်းငယ် ၁၄” တွင် ဖော်ပြထားသည့် “Peace on Earth and Good will  toward men” “မြေကြီးပေါ်တွင်လည်း ငြိမ်သက်ခြင်း ရှိစေသတည်း၊ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်း”ဟု ပြောကြားချက်အတိုင်း ယနေ့ ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ကို ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံခရစ်ယာန် ကောင်စီ အပါအဝင် ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများနှင့် ဆရာ တော်များ၊ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာလူကြီးမင်းများ၊ တပ်မတော်အရာရှိကြီး များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ လူကြီးမင်းများ၊ အထူးဧည့်သည်တော်များ နှင့် နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မေတ္တာတရား ပွားများနိုင်ကြပါစေ၊ ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့်အတူ  ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ခံစားနိုင်ကြ ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် Sr. Daisy(CBCM) က သမ္မာကျမ်းစာကိုလည်းကောင်း၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ဦးမြတ်ဆန်းက အပြန်အလှန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦး က ခရစ္စမတ်ဒေသနာတော်ကိုလည်းကောင်း အသီးသီး ဖတ်ကြားကြသည်။

ထို့နောက် သိက္ခာတော်ရဆရာ ဒေါက်တာ မျိုးဝင်းနှင့် သိက္ခာတော်ရဆရာ ဒေါက်တာ အေးမင်း တို့က ကျေးဇူးတင်စကားနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး “တိတ်ဆိတ်ည သန့်ရှင်းညကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။

ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ် အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ မြန်မာ ပြည်သူပြည်သား အားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်းကြပါစေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ အလုံးစုံတို့တွင် အဆင်ပြေချောမွေ့ကြပါစေ ကြောင်း၊  ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေ ကြောင်းဖြင့် ခရစ္စမတ် ဆုတောင်းပေးသည်။

ယင်းနောက် ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေး နှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်းဆောင်ရွက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးနှင့်  သိက္ခာတော်ရဆရာ ဒေါက်တာ အေးမင်း တို့က ခရစ္စမတ် အမှတ်တရမေတ္တာလက်ဆောင် ပန်းချီကားကို ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်နှင့် အလှူငွေများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ် ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။