နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဇူလိုင်- ၂၉
    

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်လျက်ရှိသည်။
    

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူ ၂၅၀၀ ဦးအားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကျောင်းကုန်းမြို့၊ ကျုံပျော်မြို့နှင့် ငပုတောမြို့များရှိ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူ စုစုပေါင်း ၁၃၅၀ ဦးအားလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူ ၂၀၀ ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ရေတာ ရှည်မြို့နှင့် ပန်းတောင်းမြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၁၆၉ ဦးအားလည်းကောင်း၊ နေပြည်တော် အချုပ်ထောင်၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၁၆ ဦး အားလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေကြသည်။
    

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။