နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ သို့ လီတာ ၄ဝ ဆံ့ အောက်ဆီဂျင်အိုး ၁ဝဝ လှူဒါန်း

နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ သို့ လီတာ ၄ဝ ဆံ့ အောက်ဆီဂျင်အိုး ၁ဝဝ လှူဒါန်း

နေပြည်တော်  သြဂုတ်  ၁၅

နေပြည်တော်ကောင်စီမှ လီတာ ၄ဝ ဆံ့ အောက်ဆီဂျင်အိုး ၁ဝဝ  လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ ၌ပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်    ဒေါက်တာမြတ်ဝဏ္ဏစိုး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံ၊ ဒက္ခိဏခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အောက်ဆီဂျင်အိုး လှူဒါန်းရခြင်းနှင့်ပတ်သက်၍   ပြောကြားရာတွင် နေပြည်တော်၌ Positive လူနာများကို ခုတင်-၁ဝဝဝ ဆေးရုံကြီးနှင့်   ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင်-၃ဝဝ ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများတွင် အဓိကထား ကုသပေးလျက်ရှိကြောင်း၊  Positive လူနာများ တွေ့ရှိလာသည်နှင့်အမျှ အောက်ဆီဂျင်များ လိုအပ်လာပြီး    အဆိုပါဆေးရုံများတွင် ပုံမှန်ထုတ်လုပ်နေသော အောက်ဆီဂျင်များ လုံလောက်မှုမရှိသည့်အတွက် နေပြည်တော်ကောင်စီ၊  နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ဝိုင်းဝန်းပူးပေါင်း၍  ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး      ယခုအောက်ဆီဂျင် လီတာ ၄ဝ ဆံ့အိုး  ၁ဝဝ ကို ပြည်သူ့ဆေးရုံကြီး   ခုတင်-၁ဝဝဝသို့ လှူဒါန်းခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်ရှိသည့် ဆေးရုံများကိုလည်း ဆက်လက်ခွဲဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါမှာ အစိုးရ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ကဏ္ဍအသီးသီးတွင်     ဝိုင်းဝန်းစုပေါင်းပူးပေါင်း ဆောင်ရွက်မှသာလျှင်    ရောဂါကာကွယ် တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အောက်ဆီဂျင်အိုးများအား နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံ ထံသို့ ပေးအပ် လှူဒါန်းရာ ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည်  တစ်နေ့လျှင် အောက်ဆီဂျင်ပျမ်းမျှ ၉၆ လုံး ထွက်ရှိသည့် Oxygen Plantထုတ်လုပ်နေမှု အခြေအနေ များကို  ကြည့်ရှုခဲ့ကြောင်းသိရသည်။