နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန် ရည်ရွယ်ပြုလုပ်ထားသော ဓား၊ လေးခွ၊ ဂျင်ကလိ၊ လေသေနတ်နှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန် ရည်ရွယ်ပြုလုပ်ထားသော ဓား၊ လေးခွ၊ ဂျင်ကလိ၊ လေသေနတ်နှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ်လ ၁၈

 ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၃)ရပ်ကွက်၊ ပေတောကုန်း(၁) လမ်း၊ အိမ်အမှတ် (၃/၄၇၈)နေ စိန်လှိုင်ဦး(ခ) ရှမ်းလေး (၄၃)နှစ် (ဘ) ဦးဘမောင်၏ နေအိမ်တွင် ဆူပူအကြမ်းဖက်မှုများတွင် အသုံးပြုရန်အတွက် ဂျင်ကလိများပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါသည်။   

ထိုသို့ရှာဖွေစစ်ဆေးရာတွင် စိန်လှိုင်ဦး(ခ) ရှမ်းလေး၏နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ အလျား ၆ လက်မခန့်ရှိ ဆိုင်ကယ်စမုတ်တံများအား အဖျားချွန် ငါးမျှားချိတ်ပုံသဏ္ဍာန်ဂျင်ကလိ ၁၈ ချောင်း၊ လေထိုးတံပါ အလျား ၃ ပေ ၅ လက်မခန့်ရှိ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လေသေနတ် ၁ လက်၊ အရိုးအသွား ၂၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ လေးခွ ၁ လက်၊ လက်ကိုင်လျှပ်စစ် သံဖြတ်စက် ၁ လုံး၊ လက်ကိုင်လျှပ်စစ်ဖောက်စက် ၁ လုံး၊ လေးခွဖြင့်ပစ်ခတ်ရသည့် ကုန်းသီးနှင့် လောက်စလုံးများ၊ လက်သမားသုံး ပစ္စည်းများအား ရှာဖွေသိမ်းဆည်းရမိခဲ့ပါသည်။

သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ လက်ဝယ်တွေ့ရှိသူ စိန်လှိုင်ဦး(ခ) ရှမ်းလေးအား ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။