နောက်တစ်ကျော့ရောဂါကူးစက်မှုမဖြစ်မီ ပြည်သူများကာကွယ်ဆေးထိုးရန် ကယ်ရီလမ်းတိုက်တွန်း

ဟောင်ကောင်၊ ကျန်းမာရေး

ဟောင်ကောင်ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနောက်တစ်ကျော့မဖြစ်ပွားမီ ပြည်သူများအနေဖြင့် လက်ရှိကြား ကာလတွင် ကာကွယ်ဆေးများထိုးရန်ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက သြဂုတ် ၁၀ ရက်တွင် တိုက်တွန်းသည်။

ကူးစက်မြန်ပြင်းထန်ဒယ်တာ ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုး၏ အခြေအနေကိုကြည့်ပါက လက်ရှိအချိန်သည် ဟောင်ကောင် ဒေသအတွင်း ကပ်ရောဂါမဖြစ်စေရေးအတားအဆီးများချမှတ်ရန် အရေးအကြီးဆုံးသောအချိန်ဖြစ်ကြောင်း အုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမတိုင်မီတွင် ကယ်ရီလမ်းကပြောသည်။

ဒေသအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုများဖြစ်လာပြီဆိုပါက ပြည်သူအားလုံးကိုရောဂါပိုးစစ်ဆေးမှုများ နောက်တစ်ကြိမ် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ထိုအခါအရင်းအမြစ်များကို စုပြုံအသုံးပြုရသည့်အတွက် ကာကွယ်ဆေးများ ထိုးပေးရန်မဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သြဂုတ် ၉ ရက်အထိစာရင်းများအရဟောင်ကောင်ဒေသခံပြည်သူ ခုနစ်သန်းရှိသည့်အနက် သုံးသန်းခွဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပထမတစ်လုံးကိုထိုးထားပြီးဖြစ်သည်ကိုတွေ့ရသည်။ သို့သော် ကာကွယ်ဆေးထိုးနှုန်းကို ယခုထက်ပိုမိုမြှင့်တင် ရမည်ဖြစ် ကြောင်း၊ ထို့အတွက်ကြောင့်ရောဂါပိုးကူးစက်ခံထားရခြင်းရှိ၊ မရှိစစ်ဆေးလိုသူအချို့ကို ငွေကြေးကောက်ခံခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးမထိုးပါက ရောဂါပိုးစစ်ဆေးမှုအတွက်ငွေပေးရမည်ဟူသော အစီအစဉ်ကို သြဂုတ် ၂ ရက်မှစ၍ လုပ်ဆောင် ခြင်းဖြစ်ကြောင်း ကယ်ရီလမ်းကပြောသည်။

ထို့ပြင် စက်တင်ဘာ ၁ ရက်မှစ၍ အရပ်ဘက်ဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးမထိုးထားပါက ရောဂါပိုးရှိ၊ မရှိကို ကိုယ့် အစီအစဉ်နှင့်ကိုယ် ငွေကြေးစိုက်ထုတ်လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လည်းလုပ်ဆောင်လိုခြင်းမရှိပါက အရေးယူခံရ မည်ဖြစ် ကြောင်း သိရသည်။

Ref: TST