နျူကလီးယားသဘောတူစာချုပ်သို့ အမေရိကန်ပြန်လာရေး အီရန်အလျင်မလိုဟုဆို

 

တီဟီရန်၊ နိုင်ငံရေး

အမေရိကန်သမ္မတအသစ်ဖြစ်သော ဂျိုးဘိုင်ဒင်အနေဖြင့် ယခုလတွင်အစိုးရ အာဏာကိုရယူပြီးပါက ၂၀၁၅ ခုနှစ်တွင် အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုထားသော နျူကလီးယားသဘောတူစာချုပ်သို့ အမေ ရိကန် ပြန်လာရေးနှင့်ပတ်သက်၍ အီရန်အစိုးရဘက်က အလျင်မလိုကြောင်း အီရန်နိုင်ငံ၏ ဥသျှောင် အယာတိုလာအလီခါမေနီ က ဇန်နဝါရီ ၈ ရက်တွင်ပြောသည်။

အီရန်နျူကလီးယားသဘောတူစာချုပ်တွင် အမေရိကန်ပြန်လည်ပါဝင်ခြင်းရှိ၊ မရှိ ကို မေးခွန်းထုတ်စရာ မလိုကြောင်းနှင့် အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် အမေရိကန်၏ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု များကိုသာ  ဖယ်ရှားပေးရန်အရေးကြီးကြောင်း၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်အစိုးရ အနေဖြင့်အလျင်မလိုကြောင်း ၂၀၁၈ ခုနှစ်တွင် အီရန် နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ခဲ့သောတစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများကို အမြန်ဆုံးဖယ်ရှားပေးရန်  တောင်းဆိုလိုကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် အီရန်အစိုးရသည် ကပ်ရောဂါ ကာလအတွင်း   အမေရိကန်နှင့်ဗြိတိန် နိုင်ငံတို့မှထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြုရန် အယာတိုလာအလီ ခါမေနီကတားမြစ်လိုက်ကြောင်း သိရသည်။

ထိုသို့တင်သွင်းခွင့်မပြုရခြင်းမှာ အဆိုပါ နိုင်ငံများသည် ယုံကြည်စိတ်ချရသည့် နိုင်ငံများမဟုတ်ခြင်း ကြောင့်ဖြစ်ကြောင်း  နှင့်  အီရန်နိုင်ငံအနေဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တင်သွင်းရေးအတွက် စိတ်ချရသော မဟာမိတ်နိုင်ငံများရှိကြောင်း ၎င်းင်းကဆက်ပြောသည်ဟုသိရသည်။

Ref: TST