ပခုက္ကူမြို့၌ သီတင်းကျွတ် မီးပုံးနှင့် ကလေးကစားစရာ အရုပ်များ ရောင်းချလျက်ရှိ

ပခုက္ကူမြို့၌ သီတင်းကျွတ် မီးပုံးနှင့် ကလေးကစားစရာ အရုပ်များ ရောင်းချလျက်ရှိ

မကွေးတိုင်းဒေသကြီး    ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလ မတိုင်မီ သီတင်းကျွတ် မီးပုံးနှင့်   ကလေးကစားစရာအရုပ်များ  ရောင်းချလျက် ရှိကြောင်း သိရသည်။

သီတင်းကျွတ်မီးပုံးနှင့်  ကလေးကစားစရာ အရုပ်များကို ပခုက္ကူမြို့ လွတ်လပ် ရေးပန်းခြံအရှေ့ဘက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်း တစ်လျှောက်နှင့် သီဟိုဠ် ရှင်ဘုရားကြီးရှေ့တို့၌   အဓိကရောင်းချ လျက်ရှိပြီး အဆိုပါမီးပုံးနှင့် အရုပ်များကို ပခုက္ကူမြို့ အမှတ် (၁)  ရပ်ကွက်၊  အမှတ်  (၁ဝ) ရပ်ကွက်နှင့် အမှတ် (၁၃) ရပ်ကွက် တို့မှ   မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း လုပ်ကိုင်သူများက   လာရောက်ရောင်းချခြင်း ဖြစ်သည်။

ထိုသို့ရောင်းချရာတွင်  မီးပုံး၊  မီးဆိုင်း တစ်ခုလျှင် ငွေကျပ်  ၆ဝဝ မှ ၈ဝဝ၊ ကလေး ကစားစရာ အရုပ်များကို ငွေကျပ် ၁၅ဝဝ   မှ  ၃ဝဝဝ ဖြင့် ရောင်းချလျက်ရှိသည်။

ယခင်နှစ်များက သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာ အရုပ်များကို တစ်ရက် လျှင်   ငွေကျပ်   တစ်သိန်းဖိုးခန့်အထိ ရောင်းချနိုင်ခဲ့သော်လည်း  ယခုနှစ်တွင် ကိုဗစ်-၁၉   ရောဂါအခြေအနေကြောင့် ဝယ်ယူမှု နည်းပါးသည့်အတွက် တစ်ရက်လျှင်  ငွေကျပ်  ခြောက်သောင်းဖိုးခန့်သာ ရောင်းချရကြောင်း သိရသည်။

ကိုဗစ်-၁၉  ရောဂါကာလတွင်  နိုင်ငံ တကာဈေးကွက်များမှ    သီတင်းကျွတ် မီးထွန်းပွဲနှင့် ပတ်သက်သည့်  ပစ္စည်းများ   ဝင်ရောက်မှု နည်းပါးသဖြင့်  ပခုက္ကူဒေသ ထွက်လက်မှု ပစ္စည်းများ   ပိုမိုရောင်းချရကြောင်း  သိရသည်။