ပညာရှိမှန်ရင် သင်ခန်းစာယူသင့်တဲ့ အိန္ဒိယရဲ့ဖြစ်စဉ်နဲ့ အထင်မသေးသင့်တဲ့ ကိုဗစ်-၁၉

အိန္ဒိယနိုင်ငံဆိုတာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လာရင် ထိပ်တန်းမှာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာ ကြာခဲ့ ပါပြီ။ ရောဂါဖြစ်ပွားမှုမှာဆိုရင်လည်း ထိပ်တန်း၊ ကာကွယ်ဆေးရရှိမှုမှာဆိုရင်လည်း ထိပ်တန်း၊ အခု နောက် တစ်ကျော့ ရောဂါဖြစ်ပွားမှုမှာဆိုရင်လည်း ထိပ်တန်းပါပဲ။

အိန္ဒိယနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လလယ်ကတည်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူကို စတင်တွေ့ရှိရတာပါ။ အဲဒီနောက်ပိုင်း ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ တစ်နိုင်ငံလုံးကို လော့ဒေါင်း ချမှတ်လိုက်ပါတယ်။ အဲဒီလိုလော့ဒေါင်းချမှုဟာ ကမ္ဘာပေါ်မှာလူဦးရေအများဆုံးကို လော့ဒေါင်းချမှုပါ။

ဒါပေမဲ့လည်း လူဦးရေများတဲ့အလျောက် ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာစေရေးအတွက် ဥပဒေစိုးမိုး ရေးလုပ်ငန်းတွေကို ထိရောက်စွာ မလုပ်ဆောင်နိုင်တာကြောင့် ရောဂါဖြစ်ပွားသူအရေအတွက်က မြင့်တက်မြဲ မြင့်တက်ဆဲဖြစ်ခဲ့ပါတယ်။

ဒီအတွက်ကြောင့် ကမ္ဘာပေါ်မှာလူဦးရေအများဆုံးကိုလော့ဒေါင်းချမှုကလည်း ရည်မှန်းထားတဲ့ ပန်းတိုင်ကို မရောက်ဘဲ အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ လူတွေဟာ လုပ်စရာရှိတာတွေကို လုပ်မြဲလုပ်ဆဲ။ သွားစရာရှိတာ တွေကို သွားမြဲသွားဆဲ။ တာဝန်ရှိသူတွေရဲ့ သတိပေးမှုတွေကိုလည်း ဂရုမစိုက်။ အရာအားလုံးကို ပေါ့ပေါ့တန် တန်သာတွက်ထားပုံရပါတယ်။

ဒါပေမဲ့ဖြစ်ပြီးရင် ပျက်မယ်ဆိုတဲ့နိယာမအတိုင်းပဲ အိန္ဒိယနိုင်ငံရဲ့ပထမအကျော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်မှာ အမြင့်ဆုံးကိုရောက်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ပြန်လည် ကျဆင်းသွားတာကို တွေ့ရပါတယ်။

အဲဒီရက်မှာ တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၉၆၀၀၀ ကျော်ရှိကာ နောက်ပိုင်းပြန်လည် ကျဆင်းလာပြီး နောက် အနည်းဆုံးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူအရေအတွက်က ၉၁၀၀ ကျော်သာရှိပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း နေ့စဉ်ရောဂါ ဖြစ်ပွားသူအရေအတွက် တဖြည်းဖြည်းနဲ့ ပြန်လည်မြင့် တက်လာခဲ့ရာ ကိုဗစ်-၁၉ ရောဂါဒုတိယအကျော့ကူးစက်မှုစတင်ပြီလို့တောင်မှ ပြောလို့ရတဲ့အထိပါပဲ။

မတ်လလယ်ပိုင်းမှာတော့ တစ်ရက်ကို လူအယောက် ၂၀၀၀၀ ကျော်၊ ၃၀၀၀၀ ကျော်၊ ၄၀၀၀၀ ကျော် စသည်ဖြင့် တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရာ ဧပြီ ၅ ရက်အရောက်မှာတော့ တစ်ရက်အတွင်း ရောဂါဖြစ်ပွား သူအရေအတွက်ဟာ ၉၆၀၀၀ ကျော်လာပြီး ပထမအကျော့ကူးစက်မှုရဲ့ တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ အမြင့်ဆုံးအရေအတွက်ကိုတောင်မှ ကျော်လွန်သွားပါတယ်။

ဒုတိယအကျော့ ကူးစက်မှုဖြစ်တဲ့အတွက် ပထမအကျော့ ကူးစက်မှုထက်တော့ ပိုများမှာမှန်ပေမယ့်လည်း ဒီလောက်အထိ မြန်မြန်ဆန်ဆန်ကြီးမြင့်တက်လာတာကတော့ ပဉ္စလက်ဆန်လွန်းလှပါတယ်။

အခုတော့ ဧပြီ ၂၁ ရက်ရဲ့ တစ်ရက်အတွင်းရောဂါဖြစ်ပွားသူအရေအတွက်က ၃၁၄၀၀၀ ကျော်သွားပါပြီ။ တစ်ရက်ကို အယောက်တစ်သိန်းနီးပါးကနေ တစ်ရက်ကို အယောက်သုံးသိန်းကျော်အထိဟာ သီတင်းပတ် နှစ်ပတ်ကျော်အတွင်းမှာ ဖြစ်သွားခဲ့တာပါ။

ရောဂါဖြစ်ပွားသူများသလောက် သေဆုံးသူအရေအတွက်ကိုပြန်ကြည့်ရင်လည်း သူများနိုင်ငံတွေထက်များ နေတာကို တွေ့ရပြန်ပါတယ်။

ပထမအကျော့မှာ တစ်ရက်အတွင်း သေဆုံးသူအများဆုံးပမာဏက ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်မှာဖြစ်ပြီး သေဆုံးသူအယောက် ၂၀၀၀ ကျော်ရှိပါတယ်။ အခုဒုတိယအကျော့မှာတော့ ဧပြီ ၂၁ ရက်မှာပဲ တစ်ရက်အတွင်း သေဆုံးသူစုစုပေါင်းက အယောက် ၂၁၀၀ ကျော်ရှိလာပါပြီ။ အခုလိုမျိုး တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ အယောက်သုံးသိန်းကျော်နဲ့ သေဆုံးသူ အယောက် ၂၁၀၀ ကျော်ရှိလာတာဟာ တစ်ကမ္ဘာလုံးနဲ့ နှိုင်းယှဉ်ရင် တော့ တကယ့်ကိုစံချိန်တင်ပါပဲ။

အဲဒီလိုမကောင်းတဲ့နေရာမှာ စံချိန်တင်ခြင်းရဲ့ နောက်ပိုင်းဆက်ဖြစ်လာတဲ့ အကျိုးဆက်တွေကတော့ တကယ့် ကို ငရဲခန်းနဲ့အလားသဏ္ဌာန်တူနေပါတယ်။

ရောဂါကူးစက်မှုတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှာရှိနေကြတဲ့ ဆရာဝန်တွေကလည်း လူနာတွေရဲ့အသက် ကိုမကယ်နိုင်တော့လောက်အောင် ခြေကုန်လက်ပန်းကျနေပါပြီ။

ဆေးရုံတွေမှာလည်း လူနာတွေကိုထားဖို့အတွက် ခုတင်တွေမရှိတော့ပါဘူး။ မွမ်ဘိုင်းမြို့မှာရှိတဲ့ နီရာ မာယာ ဆေးရုံမှာဆိုရင် လူနာခုတင်အလွတ်တွေမရှိတော့တဲ့အတွက် လူနာတစ်ယောက်ဆေးရုံဆင်းရင် နောက်တစ် ယောက်က အဲဒီခုတင်ကို ချက်ချင်းနေရာယူတဲ့အထိဖြစ်လာပါတယ်။

အောက်ဆီဂျင်တွေဆိုရင်လည်း ပြတ်တောက်နေတဲ့အတွက် အရေးပေါ်လူနာတွေအနေနဲ့ သူတို့ရဲ့အသက်ကို လက်လွှတ်လိုက်ရတာများလာပါတယ်။

လူမှုကွန်ရက်ပေါ်မှာဆိုရင်လည်း ဆေးရုံခုတင်အလွတ်ရှိရင်ပြောဖို့၊ အောက်ဆီဂျင်ဖြည့်လို့ရတဲ့ နေရာရှိရင် ပြောဖို့၊ သွေးရည်ကြည်နဲ့ရမ်ဒက်ဆီဗီယာဆေး တွေရရင်လည်း ပြောဖို့တင်ထားတဲ့ပို့(စ်)တွေက ပလူပျံနေ ပါတယ်။

ဒါတွေအားလုံးဟာ ရောဂါကုသပေးမယ့်ဆရာဝန်၊ လိုအပ်တဲ့အခြေခံအဆောက်အဦနဲ့ ရောဂါကုသခံမယ့် လူနာတွေကြား အချိုးကွာဟမှုကြီးမားလွန်းတာကြောင့် ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူ များပြားလာတာနဲ့အမျှ နိုင်ငံအနေနဲ့လည်း လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ကျဆင်းလာပါတယ်။

အခုဖြစ်နေတဲ့အခြေအနေဟာ ခန့်မှန်းထားတာထက် အလွန်နည်းပါးနေသေးသလို ပြန်လည်ကယ်တင် ဖို့အတွက်လည်း အလွန်နောက်ကျသွားခဲ့ပါပြီ။ ဒီလိုမျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေ က အကြိမ်ကြိမ် သတိတွေပေးနေခဲ့ပေမယ့်လည်း ပြည်သူတွေရဲ့မသိကျိုးကျွန်ပြုမှု၊ တာဝန်ရှိသူတွေရဲ့ အားနည်းတဲ့ကြိုတင်ပြင်ဆင်မှုတို့ကြောင့် လူတွေ မသေသင့်ဘဲသေနေရပါပြီ။

ပညာရှိတို့မည်သည်   သူတစ်ပါးရဲ့အမှားကနေ သင်ခန်းစာယူလေ့ရှိပေမယ့်   လူမိုက်တွေကတော့ ကိုယ်တိုင် ဘဝအဆုံးခံပြီး   သင်ခန်းစာယူတယ်လို့ ရှေးလူကြီးသူမများက ဆိုဆုံးမစကားထားခဲ့ဖူးပါတယ်။ ဒါကြောင့် အခုအိန္ဒိယနိုင်ငံရဲ့ဒီအဖြစ်တွေဟာ ယူတတ်မယ်ဆိုရင်တော့သင်ခန်းစာရစရာဖြစ်ပေမယ့်လည်း မယူတတ်ဘူး ဆိုရင်တော့ အချိန်တန်မေ့ပျောက်သွားမယ့် သတင်းတစ်ပုဒ်မျှသာဖြစ်သွားနိုင်ပါတယ်။ အဲဒီတော့ ကိုယ့်ရှေ့မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို သင်ခန်းစာယူမှာလား။ ကိုယ်တိုင်အသက် ဆုံးရှုံးခံပြီးသင်ခန်းစာပေးခဲ့မှာလား ဆိုတာက တော့ ကိုယ်ဟာပညာရှိလား၊ လူမိုက်လားဆိုတဲ့ ကိုယ့်ရဲ့ခံယူချက်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ပညာရှိလို့ခံယူတယ်ဆိုရင်တော့ ကိုယ်ချစ်ရတဲ့မိသားစု၊ ကိုယ်တန်ဖိုးထားရတဲ့ ပတ်ဝန်းကျင် က လူတွေပါ ကိုယ့်ကြောင့်မလိုအပ်ဘဲအသက်မဆုံးရှုံးရစေဖို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရေး လမ်းညွှန်ချက်တွေကို အပြည့်အဝလိုက်နာဖို့လိုပါလိမ့်မယ်။

အခြေခံအားဖြင့်တော့ အပြင်သွားမယ်ဆိုရင် နှာခေါင်းစည်းတပ်မယ်။ ကိုယ်ရောက်တဲ့နေရာတိုင်းမှာ လက် ဆေးမယ်။ လူတွေနဲ့ ခပ်ခွာခွာနေမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကို အထိုက်အလျောက်တော့ ကာကွယ်နိုင် မှာပါ။ ဒီတော့ အိန္ဒိယနိုင်ငံအနေနဲ့ ဘာကြောင့်အခုလိုအထိဖြစ်လာရတာလဲ။ ဒီလိုဖြစ်ရတာဟာ လူကြောင့် လား၊ ရောဂါပိုးကြောင့်လား စတဲ့အကြောင်းအရာတွေကို ဆက်လက်တင်ပြသွားပါမယ်။

တကယ်တမ်းတော့ အိန္ဒိယနိုင်ငံအနေနဲ့ အခုလိုမျိုးအထိဖြစ်ရတာဟာ ရောဂါပိုးကြောင့်ဖြစ်ပြီး လူတွေကြောင့် ပိုဆိုးသွားစေတာပါ။ လူတွေကြောင့်ဆိုတာကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း တစ်နိုင်ငံလုံးကို လော့ဒေါင်း ချပေမယ့် လူတိုင်းနီးပါးက မလိုက်နာသလို လူတိုင်းလိုက်နာအောင်လည်း အစိုးရကမလုပ်နိုင်တဲ့အတွက်ပါပဲ။

ရောဂါပိုးကြောင့်ဆိုတာကတော့ ဒီနေရာမှာ အနည်းငယ်အကျယ်ချဲ့ပြောရပါလိမ့်မယ်။ ဒါမှလည်း ကိုဗစ်-၁၉ ရောဂါကို လျှော့တွက်သင့်လား၊ လျှော့မတွက်သင့်ဘူးလားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မှာပါ။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျသွားချိန်မှာပဲ ဗီဇပြောင်းသွားတဲ့ ရောဂါပိုးကိုတွေ့လိုက်ရပါတယ်။ အဲဒီဗီဇပြောင်းရောဂါပိုးကိုတော့ B.1.617 လို့သတ်မှတ်ထားပါတယ်။

ရောဂါပိုးတို့မည်သည် ဗီဇပြောင်းတတ်တဲ့ အလေ့အထရှိပေမယ့်လည်း ဒီတစ်ခုကတော့ သာမန်ဗီဇ တစ်မျိုး တည်း ပြောင်းတာမဟုတ်ဘဲ ဗီဇနှစ်မျိုးပြောင်းသွားတာဖြစ်ပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါအတွက်တော့ ပထမဆုံးပါ။

B.1.617 မှာပြောင်းလဲသွားတဲ့ဗီဇနှစ်မျိုးက E484Q နဲ့ L452R တို့ဖြစ်ပြီး ပထမတစ်မျိုးဗီဇပြောင်းမှုကို ဘရာဇီးနဲ့ တောင်အာဖရိကတို့မှာတွေ့ရတဲ့ ဗီဇပြောင်းရောဂါပိုးမှာတွေ့ရပါတယ်။ ဒုတိယတစ်မျိုးဗီဇပြောင်း မှုကိုတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ဗီဇပြောင်းရောဂါပိုးမှာ တွေ့ရပါ တယ်။

အိန္ဒိယနိုင်ငံမှာတော့ အဲဒီလိုမျိုးပြောင်းလဲသွားတဲ့ ဗီဇနှစ်မျိုးစလုံးကို ဗီဇပြောင်းရောဂါပိုး တစ်မျိုးတည်းမှာ တွေ့ရတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ L452R ဗီဇဖြစ်ပါတယ်။ အဲဒီဗီဇဟာ ကိုရိုနာဗိုင်းရပ်အနေနဲ့ လူသားတွေရဲ့ ကလာပ်စည်းထဲကိုဝင်နိုင်စေဖို့ အဓိကကျတဲ့ စပိုက်ပရိုတိန်းရဲ့ စွမ်းဆောင်ရည်ကို ပြောင်းလဲ သွားစေတာပါ။ အဲဒီလိုမျိုး စပိုက်ပရိုတိန်းရဲ့ စွမ်းဆောင်ရည်ပြောင်းလဲသွားတဲ့အတွက် ကိုရိုနာဗိုင်းရပ်ဟာ လူသားတွေရဲ့ ကလာပ်စည်းမျက်နှာပြင်မှာ ပိုမိုခိုင်မာစွာ တွယ်ကပ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် ရောဂါ ပိုးကူးစက်မှုနဲ့ပျံ့နှံ့မှုဟာ ပိုမိုမြန်ဆန်လာတာပါ။ နောက်ထပ်ဗီဇတစ်ခုဖြစ်တဲ့ E484Q ရဲ့စွမ်းရည်ကတော့ ရောဂါပိုးကိုတိုက်ထုတ်မယ့် ပဋိပစ္စည်းတွေကို ရှောင်ရှားနိုင်စွမ်းပဲဖြစ်ပါတယ်။

ဒီတော့ L452R နဲ့ E484Q ဗီဇနှစ်မျိုးစလုံးပါဝင်တဲ့ B.1.617 ဗီဇပြောင်း ရောဂါပိုးဟာ ဘယ်လောက်အထိ အန္တရာယ်များမလဲဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ လက်ရှိအချိန်အထိတော့ အဲဒီဗီဇပြောင်းရောဂါပိုးနဲ့ ပတ်သက်ပြီး လေ့လာမှုတွေလုပ်နေဆဲဖြစ်ပေမယ့်လည်း ပညာရှင်တွေစိုးရိမ်နေတဲ့ အချက်တစ်ချက်ရှိနေ ပါတယ်။ 

အဲဒီအချက်ကတော့ ကာကွယ်ဆေးတွေဟာ အခုဗီဇပြောင်းရောဂါပိုးကို လက်မြှောက်အရှုံးပေးရနိုင်တဲ့ အခြေ အနေရှိနေခြင်းပါပဲ။ ထပ်ပြီးသတိပေးရမယ်ဆိုရင် ရောဂါပိုးမှန်သမျှဟာ ဗီဇပြောင်းတတ်တဲ့သဘောရှိပါတယ်။ ဗီဇပြောင်းသွားပြီဆိုရင် အဲဒီရောဂါပိုးဟာ မူလအခြေအနေထက်ပိုပြီး ပြင်းထန်လာဖို့ပဲရှိပါတယ်။ ဒီရောဂါ ကြီးဟာ တစ်ချိန်မှာပြီးဆုံး ပျောက်ကွယ်သွားမယ်လို့ တွေးနိုင်ပေမယ့်လည်း ရောဂါဆိုးကြီး မပျောက်ကွယ်ခင် လူသားတွေမကွယ်ပျောက်သွားဖို့ အရေးကြီးပါတယ်။

ဒီတော့အထက်မှာဆိုခဲ့သလို ကိုယ်ဟာပညာရှိလား၊ လူမိုက်လားဆိုတာကို ကိုယ့်ရဲ့လုပ်ရပ်နဲ့ သက်သေပြ ရမယ့်အချိန် ရောက်နေပါပြီ။ ကိုဗစ်-၁၉ ရောဂါကို အထင်သေးသင့်လား၊ အထင်မသေးသင့်ဘူးလားဆိုတာကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ဝေဖန်ပိုင်းခြားရမယ့် အချိန်ကိုလည်း ရောက်နေပါပြီ။

နယ်သာလန်နိုင်ငံသား အတွေးအခေါ်ပညာရှင် ဒီဆီဒီးရီးယက်အီးရာမက်က ၁၅၀၀ ပြည့်နှစ်မှာပြောခဲ့တဲ့ “ကြိုတင် ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်” ဆိုတဲ့စကားအတိုင်းပဲ ကိုဗစ်-၁၉ ရောဂါနဲ့ပတ် သက်လာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းကသာ မိမိအတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ အကောင်းဆုံးဖြစ်တယ်ဆိုတာကို တွေးဆဆင်ခြင်နိုင်စေဖို့ရာ ရေးသားတင်ပြလိုက်ရပါတယ်။  ။

ထက်မြတ်