ပိုကြီးပြီးပိုကြမ်းမယ့် ဒရုန်းတင့်
ဒီကနေ့ခေတ်ဟာ ဒရုန်းခေတ်လို့ပြောရလောက်အောင်ကို နေရာတကာမှာ ဒရုန်းတွေ အသုံးပြုလာ ကြတာကို တွေ့ရမှာပါ။ အရပ်ဘက်လုပ်ငန်းတွေမှာသာမက စစ်ဘက်လုပ်ငန်းတွေမှာလည်း ဒရုန်းတွေ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။ အနီးစပ်ဆုံးဥပမာပြောရရင် ရုရှား-ယူကရိန်းစစ်ပွဲမှာ ဒရုန်းတွေကို ဖောဖောသီသီသုံးကြတယ်။ အီရန်က အစ္စရေးကို တိုက်ခိုက်တဲ့ နေရာမှာ ဒရုန်းတွေကို အဓိကထားသုံးတယ်။ ဒီတော့ ဒရုန်းတွေဆိုတာ နေရာတကာမှာ အသုံးဝင်လာတဲ့ အရာဖြစ်လာ တာမဆန်းတော့ပါဘူး။
အခုတင်ပြပေးမှာက အမေရိကန်အဆင့်မြင့်သုတေသန စီမံကိန်းများဌာန (DARPA)ရဲ့ အောင်မြင်မှု တစ်ခု အကြောင်းဖြစ်ပါတယ်။
DARPA က RACER ဆိုတဲ့အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ အဲဒီအစီအစဉ်ကတော့ အရင်ကထက် ပိုကြီးပြီးပိုကြမ်းတဲ့ မောင်းသူမဲ့တင့်ကိုဖန်တီးမှုဖြစ်ပါတယ်။
အဲဒီတင့်က တန်ချိန်အားဖြင့် ၁၂ တန်ရှိပါတယ်။ မောင်းသူမဲ့ အမျိုးအစားထဲမှာတော့ ဒါက တော်တော် လေးကိုကြီးမားတယ်လို့ ပြောလို့ရပါတယ်။ သူ့မှာ တောက်ပတဲ့မျက်လုံးတွေ လိုမျိုးနဲ့ဆင်တူတဲ့ အစိမ်း ရောင်မီးလုံးတစ်စုံလည်း ပါဝင်ပါတယ်။
တင့်က အလျားအားဖြင့် ပေ ၂၀ ရှိပါတယ်။ ကိုယ်ထည်ကတော့ အမေရိကန်ကြည်းတပ်မှာ အကျယ် တဝင့်အသုံးပြုနေတဲ့ M5 RIPSAW ကိုယ်ထည်ကို အခြေခံထားတာပါ။ သူ့ကို ဝါရှင်တန် တက္ကသိုလ်နဲ့ နာဆာရဲ့ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတို့က ပေါင်းစပ်ဖန်တီးထားတာပါ။
သူ့ရဲ့စမ်းသပ်မှုကို ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာတော့ အဲဒီဒရုန်းတင့်က တင့်ရယ်လို့မထင်ရတဲ့ အမြန်နှုန်းနဲ့ကို မောင်းနှင်သွားတာတွေ့ရပါတယ်။
ဒါ့အပြင် လမ်းတစ်လျှောက် အတားအဆီးတွေဖြစ်တဲ့ တောင်ကုန်းတွေ၊ ကျောက်ဆောင်တွေ၊ ရေအိုင်တွေကိုလည်း လွယ်လင့်တကူ ဖြတ်သန်းသွားနိုင်တာကို တွေ့ရပါသေးတယ်။
အဲဒီစမ်းသပ်မှုထဲမှာ ညအချိန်သွားလာမှုလည်း ပါပါသေးတယ်။ ညအချိန်သွားလာမှုမှာတော့ မြင်ရတဲ့ မြင်ကွင်းက နေ့နဲ့မခြားပါပဲ။ တစ်ခုရှိတာက လက်ရှိစမ်းသပ်မှုမှာ လက်နက်စနစ်တွေကို စမ်းသပ်မှု မပါသေးပါဘူး။ အလိုအလျောက် မောင်းသူမဲ့စနစ်ကိုသာ ဦးစားပေး စမ်းသပ်ထားတာပါ။
ဒါပေမဲ့ အလိုအလျောက်မောင်းသူမဲ့စနစ်ကို အောင်မြင်စွာစမ်းသပ်လိုက်နိုင်ပြီဆိုရင် အဝေးထိန်း လက်နက် စနစ်ကို တပ်ဆင်ဖို့ဆိုတာကလည်း သိပ်မဝေးတဲ့အတွက် မကြာခင်နှစ်ပိုင်းအတွင်းမှာ ပိုကြီးပြီးပိုကြမ်းတဲ့ ဒရုန်းတင့်တွေကို စစ်မြေပြင်တွေမှာ မြင်တွေ့လာရဖွယ်ရှိနေပါတယ်။
Ref: IE
ထက်မြတ်