ပေကျင်းမြို့၌ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်အအေးဆုံးနံနက်ခင်းနှင့်ကြုံတွေ့ရ

 

ပေကျင်း၊ ပြည်တွင်းရေး

တရုတ်နိုင်ငံပေကျင်းမြို့၌ အအေးလှိုင်းဖြတ်စဉ် ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းတွင် အပူချိန်သည်အနုတ် ၁၉ ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားကြောင်းနှင့် ထိုသို့အပူချိန်ကျဆင်းမှုကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်အအေးဆုံး နံနက်ခင်းနှင့် ကြုံတွေ့ရကြောင်းသိရသည်။

ကျွမ်းကျင်ပညာရှင်များအနေဖြင့် ထိုသမိုင်းဝင် အအေးလှိုင်းဖြတ်မှုကို နှိုင်းယှဉ်လေ့လာရန် ပေကျင်းမြို့ ဒါဆင်းခရိုင်၌ တည်ရှိသော နန်ဂျီအိုမိုးလေဝသစခန်းမှ အချက်အလက်များကိုအသုံးပြုခြင်းဖြစ်ပြီး  ထိုမိုးလေဝသစခန်းသည်  ၁၉၁၂ ခုနှစ် တွင်တည်ထောင်ထားသော  အမျိုးသား အဆင့်မိုးလေဝသ စခန်းဖြစ်သည်။

ဇန်နဝါရီ ၇ ရက်နံနက်အစောပိုင်းတွင် ပေကျင်းမြို့ရှိအမျိုးသားအဆင့်မိုးလေဝသစခန်း ၂၀ အနက် ထက်ဝက်ကျော်သည် ဇန်နဝါရီလအစောပိုင်း အပူချိန်များအနက် အနည်းဆုံးဖြစ်လာကြောင်း သိရသည်။

ပေကျင်းမြို့၌ ဇန်နဝါရီ ၆ ရက်မှစ၍ အအေးလှိုင်းဖြတ်နေပြီး အပူချိန်ကျဆင်းမှုများနှင့် လေပြင်း တိုက်ခတ်မှုများဖြစ်ပွား သည်။

ထို့ပြင် အပူချိန်ကျဆင်းမှုနှင့် လေပြင်း တိုက်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည့် အတွက် မိုးလေဝသ တာဝန်ရှိသူများက ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းတွင် အပြာရောင်သတိပေးချက်ဆက်လက်ထုတ်ပြန် ထားရသည်။

အလားတူ   ပြည်သူများအနေဖြင့် ထိုအအေးလှိုင်းဖြတ်မှုနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တာဝန်ရှိသူ များကအကြံပြုတိုက်တွန်းထားသည်။

ပေကျင်းမြို့၌ အအေးလှိုင်းဖြတ်မှုသည် ဇန်နဝါရီ ၈ ရက်အထိ ဆက်လက်ဖြစ်ပွားမည်ဟုခန့်မှန်းရပြီး နေ့စဉ်အမြင့်ဆုံးအပူချိန် မှာ ရေခဲမှတ်အောက်တွင်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

အဆိုပါအပူချိန်မှာ ဇန်နဝါရီ ၉ ရက်မှသာ မြင့်တက်မည်ဟုမျှော်မှန်းရပြီး အမြင့်ဆုံး အပူချိန်မှာ ၁ ဒီဂရီစင်တီဂရိတ်အထက်တွင် ရှိမည်ဖြစ်ကြောင်းသိရသည်။

Ref:TST