ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် လူစုလူဝေးဖြစ်ပွားမှုများအား လူစုခွဲရာတွင် အမျိုးသား ၁ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် လူစုလူဝေးဖြစ်ပွားမှုများအား လူစုခွဲရာတွင် အမျိုးသား ၁ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မတ်လ ၁၅    
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ ဈေးချိုတောင်ရပ်ကွက်၊ ဘုရားကြီးဝင်း၌ ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား (၁၀၀)ဦးခန့်သည် ဆူပူအော်ဟစ်ဆန္ဒပြနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ထိန်းသိမ်းခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ နံနက် ၉ နာရီခွဲတွင် လူစုကွဲသွားခဲ့ပါသည်။
    ထို့အတူ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါရပ်ကွက်ဈေးနှင့် အောင်ဒင်လမ်းထောင့်တွင် ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား (၁၅၀)ဦးခန့် ဆူပူအော်ဟစ်ဆန္ဒပြနေ၍ ခြောက်လှန့်ပစ်ခတ်လူစု ခွဲခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လူစုကွဲသွားခဲ့ပါသည်။
    
အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့မရဲစခန်းအား လူစုလူဝေးဖြင့် လာရောက်မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရဲစခန်းဝန်းကျင်တွင် လုံခြုံရေးဖြန့်ခွဲဆောင်ရွက်နေစဉ် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား (၄၀)ဦးခန့် ရောက်ရှိလာသဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။    
    
ဖြစ်စဉ်များအတွင်း ကျော်သူမင်း(၃၅)နှစ်၊ (ဘ)ဦးတင်သိန်း၊ နွယ်ခွေရပ်၊ ကြို့ပင်ကောက် မြို့နေသူမှ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသား (၅)ဦး (စိစစ်ဆဲ)မှာ ထိခိုက်ဒဏ်ရာရရှိကာ လက်လုပ်မိုင်း ၁ ခု၊ ဒူးလေး ၁ လက်၊ မြှား ၁ ချောင်း၊ သံဒိုင်း ၁ ချပ်၊ ၄ လက်မ သံချောင်းများရိုက်ထားသည့် သစ်သားပြား ၁၀ ခု၊ မီးသတ်ဆေးဗူး ၃ ဗူး၊ လောက်စာလုံး ၁၀၀ လုံး၊ သံဘောစိ ၁၃ လုံး၊ ဓါတ်ဆီအိတ် ၁၀ အိတ်၊ ဒီဇယ်ဆီထည့်ထားသော ပုလင်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။
    
သေဆုံးသူအား ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး PRအမှတ် ၁/၂၀၂၁ ဖြင့် လက်ခံကာ တာဝန်ခံဆရာဝန်မှ ရင်ခွဲစစ်ဆေးခဲ့ရာတွင် နောက်ကျောအား ချွန်ထက်သောလက်နက်ဖြင့် ထိုးသွင်းခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။