ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူ လူတစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီးဆုံးရှုံး

နေပြည်တော်၊ မေ ၁၈

    ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူလူ တစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ မေလ ၁၇ ရက်နေ့ န့နက် ၄ နာရီ ၂၅ မိနစ်ခန့်တွင် ပေါက်ခေါင်း မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသက်ခဲ့ရာ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ကာတစ်ထပ် ပညာရေးမှူးရုံး အဆောက်အဦး ၁ လုံး၊ ရုံးအတွင်းရှိ စာရွက်စာတမ်းများ၊ ရုံးအသုံးအဆောင် ပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါရုံး၏ ညစောင့်ဖြစ်သူ ဦးရန်နောင်ဝင်း (ခ) အငယ်လေး (၃၃)နှစ် (ဘ) ဦးတင်ဝင်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့ ရုံးဝင်းအတွင်းရှိ အဆောင်၌ အိပ်ပျော်နေစဉ် ရုံး၏အနောက်ဘက်မှ ပုလင်းကွဲသံများ ကြားရသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ အဆိုပါရုံးမီးလောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

  ပညာရေးမှူးရုံးအား မီးလောင်ပျက်စီးစေရန် မီးပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ခဲသည့် မသမာသူ လူတစ်စုအား ဥပဒေနှင့်အညီ အရေးယူနိုင်‌ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။