ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံခန့်အား ဘူလယ်အင်းကျေးရွာ အနီးရှိ ကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့က လုယက်၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင် ကြိုးပမ်းမှုများကြောင့် တရားခံများအား ၉ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး

ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံခန့်အား ဘူလယ်အင်းကျေးရွာ အနီးရှိ ကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့က လုယက်၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင် ကြိုးပမ်းမှုများကြောင့် တရားခံများအား ၉ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာလ ၁၄

    ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီး၍ ယာဉ်မောင်း ဦးစောနီကိုလတ် တို့ ၂ ဦးသည် Toyota Hiace  ယာဉ်အမှတ်၊ 6J-7941 ဖြင့် လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့် ၊ လုံခြုံရေး ချစ်စမ်းမောင် နှင့် ယာဉ်မောင်း မျိုးကျော်သူ တို့ ၃ ဦးသည် Toyota Hiace ယာဉ်အမှတ်၊ 1P-2919 ဖြင့်လည်းကောင်း ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံအား ယာဉ် ၂ စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ပြန်လည် ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ်၊ ဘူးလယ်အင်း ကျေးရွာ အုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅)၊ နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦး၊ ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ (အမျိုးအစား စိစစ်ဆဲ) လက်နက်ငယ် ၂ လက်ကိုင်ဆောင် ထားသူ ၂ ဦးနှင့် အရပ်ဝတ် ဝတ်ဆင် ထားသူ ၄ ဦး၊ ပေါင်း ၇ ဦးတို့မှ ယာဉ် ၂ စီးအား တားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိတ်အမဲဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း ၃ လုံးအား တရားခံများစီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
    အဆိုပါဖြစ်စဉ်အား ဧရာဝတီဘဏ်တာဝန်ရှိသူများက မွန်းလွဲ ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အသိပေးအကြောင်းကြားခဲ့ရာ တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း စုံစမ်းစစ်ဆေးခြင်း၊ သဲလွန်စရှာဖွေ ဖော်ထုတ်ခြင်းအား တက်ကြွစွာ အချိန်မဆိုင်းဘဲ ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်သိရသည့်အချိန်မှ ၅ နာရီအတွင်း ဘဏ်ငွေဓါးပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ယူနီဖောင်းများအား ပေးအပ်ခဲ့သူ ဆက်စပ် တရားခံ မြင့်မြင့်နိုင်  (ဘ) ဉီးလှသိန်း အား ည ၇ နာရီတွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ တိုက်တန်းတွင် ဖမ်းဆီးရမိခဲ့သည်။
    တရားခံ မြင့်မြင့်နိုင် ၏ ထွက်ဆိုချက်အရ ည ၁၀ နာရီတွင် မဟာစေတီ တိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာ (ဘ) ဉီးချစ်ဟန် ၏ နေအိမ်တွင် မသင်္ကာဖွယ် အမျိုးသားများ ရောက်ရှိ နေကြောင်း ဖော်ထုတ်ရရှိသဖြင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ဥမ္မာနှင့်အတူ ဘဏ်ငွေ လုယက်သူ များဖြစ်သည့် ရန်လင်းထွေး(ဘ) ဉီးဇော်ဇော် ၊ အောင်ပြည့်ခန့် (ဘ) ဉီးသက်နိုင် နှင့် ဘုန်းခန့်ကို (ဘ) ဉီးသန်းဌေး တို့အား M-79 ဗုံးပစ် လောင်ချာ (၁)လက်၊ ငွေကျပ်သိန်း (၇၀၀)ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် တရားခံ စည်သူဖြိုးမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
    တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၀ နာရီခွဲတွင် ဓားပြတိုက်ဖြစ်စဉ်ပါ လက်နက်/ ခဲယမ်း နှင့် ငွေကြေးများအား ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ” သီလရှင် ကျောင်းတိုက်တွင် အပ်နှံထားကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ  ကျောင်းတိုက်တွင် ဒေါ်ဥပ္ပသမာ နှင့် ဒေါ်ဓမ္မစာရီ တို့ ၂ ဦးအား တွေ့ရှိရပြီး ၎င်းတို့ထံ အပ်နှံထားသော AK-47 သေနတ်(၂)လက်၊ ၎င်းကျည်အိမ်(၄)ခု၊  ၎င်းကျည် (၂၂၀)တောင့်၊  MK-12 သေနတ်(၆)လက်၊ ၎င်းကျည်အိမ် တို/ရှည် (၁၂)ခု၊ ဆက်စပ်ပစ္စည်း (၆)စုံ၊ ငွေစက္ကူထည့်ထားသော ဆာလာအိတ်(၁၄)ထုပ်၊ ဆာလာအိတ် အပိုင်း(၂)ပိုင်း၊ ပလပ်စတစ် အနက်ရောင် အထုပ်သေး(၉)ထုပ်တို့အား ဆွမ်းစားဆောင်အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
    ဆက်လက်၍ တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၁ နာရီခွဲတွင် မဇင်း ရပ်ကွက်၊ ဘူတာလမ်းရှိ နေအိမ်တွင် ဆက်စပ်တရားခံ ကုလားကြီး အား သွားရောက် ဖမ်းဆီးခဲ့ရာ တရားခံမှာတိမ်းရှောင်လျက်ရှိပြီး ၎င်းနေအိမ်မှ ဖောက်ခွဲရေးတွင် အသုံးပြုမည့် ကီးပက်ဖုန်း ၁၀ လုံး၊ လက်လုပ်မိုင်း ပြုလုပ်သော ဆက်စပ်ပစ္စည်းများနှင့် ၁၀၀၀၀ တန် ငွေစက္ကူ (၁၇) အုပ်အား သိမ်းဆည်းရမိခဲ့သည်။ 
    ဖြစ်စဉ်တွင် တရားခံ ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၇ ဦး၊ M-79 ဗုံးပစ် လောင်ချာ (၁)လက်၊ AK-47 သေနတ်(၂)လက်၊ ၎င်းကျည်အိမ် (၄)ခု၊ ၎င်းကျည် (၂၂၀)တောင့်၊ MK-12 သေနတ်(၆)လက်၊ ၎င်းကျည်အိမ်မျိုးစုံ(၁၂)ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့် ဓားပြတိုက်ရာတွင် ယူဆောင်သွားခဲ့သော ငွေများအား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များက အချိန်နှင့်တစ်ပြေးညီ မဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန်သိပြည်သူ အချို့ကလည်း မိမိအသက်အန္တရာယ်မငဲ့ကွက်ဘဲ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ခြင်း တို့ကြောင့် ကျပ်ငွေသိန်း ၄ သောင်းခန့်အား ဓါးပြတိုက် လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို ၉ နာရီအတွင်း လုယက်ခံရသည့် ဘဏ်ငွေများနှင့် အခြားဆက်စပ် လက်နက်များကိုပါ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ရာဇဝတ်မှုကြီးအား မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးပေးကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ်ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုတို့က မြို့ရွာလုံခြုံရေးတို့ အတွက် ယခင်ကထက် အားကိုးယုံကြည်မှု ပိုမိုတိုးတက်လာကြောင်းလည်း သိရှိရပါသည်။    ဓားပြတိုက်သည့် ဖြစ်စဉ်အား ပဲခူး PDF အကြမ်းဖက်အဖွဲ့ မြို့နယ်တာဝန်ခံ မျိုးကို မှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများမှာ PDF အကြမ်းဖက် အဖွဲ့ဝင်များဖြစ်ပြီး တရားခံ အောင်ပြည့်ခန့် မှာ ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲမှ CDM ပြုလုပ်လျက်ရှိသော ရုံးအကူဝန်ထမ်းဖြစ်ကြောင်း သိရှိရသည်။
    ယခုဘဏ်ငွေဓါးပြတိုက် လုယက်မှုဖြစ်စဉ်နှင့် NUG အကြမ်းဖက်အဖွဲ့မှ D-Day ကြေညာခြင်းအပါအဝင် အခြားသော အကြမ်းဖက်လုပ်ရပ်များ ယခုရက်ပိုင်း အတွင်း ပိုမိုလုပ်ဆောင်လာနေခြင်းသည် စက်တင်ဘာလ ၁၄ ရက်တွင် စတင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ၏ (၇၆) ကြိမ်မြောက် အထွေထွေညီလာခံနှင့် တိုက်ဆိုင်လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာများ စသည့် အထွေထွေတည်ငြိမ်မှုမရှိကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များက သတိပြုမိကြစေရန် ရည်ရွယ် လုပ်ဆောင်လျက်ရှိသည့် နိုင်ငံရေး အောက်လမ်းနည်းတစ်ခုသာဖြစ်ပါသည်။  ယခုကဲ့သို့ ဘဏ်ငွေဓါးပြတိုက် လုယက်မှု ကြီးအား ၉ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် တာဝန်သိ ပြည်သူများ၏ စည်းစည်း လုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန် သည့် ရလာဒ်အဖြစ်၎င်းတို့၏ ရည်ရွယ် လုပ်ဆောင်မှုများအပေါ် ချေဖျက်နိုင်ခဲ့သည့် ပြယုဂ်တစ်ခု လည်းဖြစ်စေခဲ့ပါသည်။
    အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်မြောက်ဆဲ ဓါးပြတရားခံများ ကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်းလျက်ရှိပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။