ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ထူးချွန်ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ထူးချွန်ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဧရာဝတီဘဏ်၊ ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှု ကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲကို စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဂုဏ်ပြုခံလုံခြုံရေး တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချီးကျူး ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဧရာဝတီဘဏ်မှ ငွေသယ်ဆောင်လာ သည့် ကားနှစ်စီးအား ဓါးပြတိုက်သည့်ဖြစ်စဉ်တွင် ဖမ်းဆီးရမိရေး မဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်၍ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေ သိန်းတစ်ရာကျပ်ကို ပေးအပ်ချီးမြှင့်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူပြီး ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွဋ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ ကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးရှိ ထူးချွန်ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ထူးချွန်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ထို့နောက် ထူးချွန်ရဲတပ်ဖွဲ့ဝင် ၆၁ ဦးတို့အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ်သိန်း ၅၀ ကို ဝန်ကြီးချုပ်က လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဂုဏ်ပြုချီးမြှင်သည့် ငွေကျပ်သိန်း ၂၀ ကို တိုင်းမှူးက လည်းကောင်း ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။