ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတုတ္ထအကျော့ ဖြစ်ပွားနိုင်ဖွယ်ရှိ

ပြင်သစ်နိုင်ငံ၌   ဒယ်တာဗီဇပြောင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်းကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတုတ္ထအကျော့ ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း အစိုးရ၏ သိပ္ပံဆိုင်ရာအကြံပေး ပါမောက္ခ ဂျင်းဖရန်စွာဒဲဖရေစီက ဇွန် ၃ဝ ရက်တွင် ပြောသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရောဂါကူးစက်မှု ပြင်းထန်လာနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်းက အဆိုပါ စတုတ္ထအကျော့ ရောဂါကူးစက်မှုဒဏ်ကို လျော့ပါးသက်သာစေရန် အကူအညီပေးနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ယူဆထားသည်။

ဂျင်းဖရန်စွာဒဲဖရေစီကမူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတုတ္ထအကျော့နှင့် ကြုံတွေ့ရနိုင်သော်လည်း ကာကွယ်ဆေးထိုး လုပ်ငန်းကို ယခင်ကထက် အရှိန်အဟုန်မြှင့်လုပ်ဆောင်ထားသည့်အတွက် ရောဂါကူးစက်မှု တတိယအကျော့ထက် ပြင်းထန်မှု ရှိမည်မဟုတ်ကြောင်း ပြောသည်။

အိန္ဒိယနိုင်ငံ၌  ပထမဆုံးတွေ့ရှိသော ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးသည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေရာ အချို့သောနိုင်ငံများက ခရီးသွားလာမှုများကို ပြန်လည်တားမြစ် ကန့်သတ်ထားသည်။

ယခုအခါ ပြင်သစ်နိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်းအနက် ၂ဝ ရာခိုင်နှုန်းမှာ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး အိုလီဗီယာဗီရန်က ထုတ်ပြန်ထားသည်။