ပြင်သစ်နိုင်ငံ၌ သားအိမ်အစားထိုးပြီးနောက် ပထမဆုံးကလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်

ပဲရစ်၊ ကျန်းမာရေး

ပြင်သစ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် သားအိမ်အစားထိုးကုသမှုလုပ်ဆောင်ပြီးနောက် ပထမဆုံး ကလေး တစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးလိုက်နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ သားအိမ်အစားထိုးပြီးနောက် ကလေးမွေးဖွားပေးနိုင်ခြင်းသည် အလွန်ရှားပါးသော ဖြစ်စဉ်ဖြစ် ကြောင်း သားအိမ်အစားထိုးခြင်းနှင့် ကလေးမွေးဖွားခြင်းကို ဆောင်ရွက်ပေးသည့် ပဲရစ်မြို့အပြင်ဘက်ရှိ ဖော့ဆေးရုံက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

မွေးဖွားလာသည့်ကလေးငယ်သည် မိန်းကလေးဖြစ်ပြီး အလေးချိန် ၁ ဒသမ ၈၄၅ ကီလိုဂရမ်ရှိကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် မွေးဖွားခြင်းဖြစ်ကြောင်းနှင့် မိခင်ရောကလေးပါကျန်းမာကြောင်း ဆရာဝန်များက ပြောသည်။

သားအိမ်အစားထိုးကုသမှုခံယူပြီးနောက် ကိုယ်ဝန်ဆောင်ကာ ကလေးမွေးဖွားပေးလိုက်နိုင်သည့် အသက် ၃၆ နှစ်ရှိ အမျိုးသမီးသည် မွေးရာပါသားအိမ်မပါဘဲ မွေးဖွားလာသူဖြစ်သည်။ ထိုသို့သော ဖြစ်စဉ်မျိုးမှာ လူ ၄၅၀၀ တွင် တစ်ယောက်သာဖြစ်နိုင်သော  ရိုကစ်တန်စကီရောဂါကြောင့်ဖြစ်ပွားခြင်း ဖြစ်သည်။

၎င်းသည် ၂၀၁၉ ခုနှစ် မတ်လတွင် အသက် ၅၇ နှစ်ရှိနေပြီဖြစ်သည့် ၎င်း၏မိခင်ထံမှ ကျန်းမာနေဆဲ ဖြစ်သော သားအိမ်ကိုရယူကာ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်သည်။

ကမ္ဘာ့ပထမဆုံးသော သားအိမ်အစားထိုးကုသမှုခံယူပြီး အောင်မြင်စွာ ကလေးမွေးဖွားနိုင်သူမှာ ဆွီဒင်နိုင်ငံမှ အမျိုးသမီးတစ်ဦးဖြစ်ပြီး   ၂၀၁၄    ခုနှစ်တွင်ဖြစ်သည်။ ထိုကဲ့သို့သောနည်းဖြင့် ကိုယ်ဝန်ဆောင်ကာ ကလေးရ ယူခြင်းကို အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့၌ တွေ့ရသော်လည်း အလွန်ရှားပါးကြောင်း သိရသည်။

ယခုကဲ့သို့ သားအိမ်အစားထိုးကုသပြီး ကိုယ်ဝန်ဆောင်နိုင်ခြင်းသည် အလားတူ မျိုးပွားအင်္ဂါစနစ်တွင် ချို့ယွင်း ချက်ရှိနေ သူများအနေဖြင့် ကလေးရရှိရေးအတွက် ကလေးမွေးစားခြင်း၊ အငှားကိုယ်ဝန်ဆောင်ခြင်းအပြင် နောက်ထပ်နည်းလမ်း တစ်ခုရရှိခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST