ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေး ကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်၊ မေ - ၂၅
    
COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင်း   ဘုရားပုထိုးစေတီများနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။ ယင်းကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာအလိုက်ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြား မြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ပေးလျက်ရှိသည့်အပြင် ဈေးများ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထား ခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်း စွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိသည်။

၎င်းအပြင် မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အား COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ရပ်ဝေး/ ရပ်နီးမှ လာရောက်လည်ပတ်လေ့လာသူများဖြင့် စည်ကားလျက်ရှိပြီး နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ လေ့လာသူများအနေဖြင့် မြနန်းစံကျော်ရွှေနန်းတော်အပါအဝင် ကျောက်စာရုံ၊ ရှေးဟောင်းသမိုင်းဝင် အမြောက် များ ခင်းကျင်းပြသထားသည့် အမြောက်ပြတိုက်၊ မင်းတုန်းမင်းဂူဗိမာန်ပုံစံငယ် ပြတိုက်နှင့် ဒင်္ဂါးသွန်းစက်ရုံတို့ကိုပါလေ့လာကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။