ပြည်ပတပ်ဖွဲ့များကို အဓိကပစ်မှတ်ထားတိုက်ခိုက်မည်ဟု သတိပေးလိုက်သည့် တာလီဘန်အဖွဲ့

အာဖဂန်နစ္စတန်၌ ဖြန့်ကြက်ထားသည့် အမေရိကန်အပါအဝင် ပြည်ပတပ်ဖွဲ့များကို   ပြန်လည်ရုပ်သိမ်းခြင်း မရှိပါက ၎င်းစစ်သည်များအပေါ်  အဓိက ပစ်မှတ်ထားတိုက်ခိုက်မည်ဟု တာလီဘန်စစ်သွေးကြွအဖွဲ့က   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အာဖဂန်နစ္စတန်၌ တပ်ဖြန့်ထားသည့် ပြည်ပတပ်အားလုံးကို ယခုနှစ် မေ ၁ ရက်တွင် ပြန်လည်ရုပ်သိမ်းခြင်းမရှိပါက တာလီဘန်စစ်သွေးကြွအဖွဲ့အနေဖြင့်  မိမိတို့၏ အမိမြေကို ကာကွယ်၍ ဘာသာရေးစစ်ပွဲ ဆက်လက်ဆင်နွှဲရမည်ဖြစ်ကြောင်း အဆိုပါစစ်သွေးကြွအဖွဲ့က ဆိုထားသည်။

အမေရိကန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်ရှိ ပြည်ပတပ်ဖွဲ့အားလုံးကို မေ ၁ ရက် နောက်ဆုံးထား၍ ပြန်လည်ရုပ်သိမ်းရာတွင် အခက်အခဲရှိသည်ဟု ဂျိုးဘိုင်ဒင်က အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် တာလီဘန်စစ်သွေးကြွအဖွဲ့၏  ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျိုးဘိုင်ဒင်၏ အဆိုပါပြောဆိုချက် သည် တာလီဘန်များနှင့် ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရလက်ထက်အတွင်း ချမှတ်ထားသည့်  သဘောတူညီချက်ကို ချိုးဖောက်မည့် အခြေအနေတွင်ရှိနေသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့နှင့် ဒေါ်နယ်ထရမ့်အစိုးရတို့ကြား လက်မှတ်ရေးထိုးထားသည့်  သဘောတူညီချက် အရ  အမေရိကန်အစိုးရက အာဖဂန်နစ္စတန်၌ တပ်ဖြန့်ထားသည့်  အမေရိကန်အပါအဝင်  ပြည်ပ တပ်ဖွဲ့များ ကို ယခုနှစ် မေ ၁ ရက် နောက်ဆုံးထား၍ တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းရမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် ယင်းကာလအတွင်း တာလီဘန်စစ်သွေးကြွအဖွဲ့က ပြည်ပတပ်ဖွဲ့များကို တိုက်ခိုက် မည်မဟုတ်ပေ။ တာလီဘန်စစ်သွေးကြွအဖွဲ့သည် ပြည်ပတပ်များအပေါ် တိုက်ခိုက်ခြင်းမှ ရှောင်ရှားရန်ဟူ သော သဘောတူညီချက်ကို လိုက်နာလျက်ရှိသည်။

ထို့ပြင် သဘောတူညီချက်အရ  တာလီဘန်စစ်သွေးကြွအဖွဲ့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း အယ်လ် ကိုင်ဒါစစ်သွေးကြွများ ခြေကုပ်ရယူနိုင်ခြင်းမရှိစေရန် ကာကွယ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အစိုးရဟောင်းနှင့် ချမှတ်ထားသည့် သဘောတူညီချက်ကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် လိုက်နာ ဖော်ဆောင်ခြင်းရှိ၊ မရှိကို တာလီဘန်စစ်သွေးကြွအဖွဲ့က စောင့်ကြည့်နေမည်ဟု ဆိုနိုင်သည်။

သို့ရာတွင် အမေရိကန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်၌ တပ်စွဲထားသည့်ပြည်ပတပ်များကို မည်သည့် အကြောင်းရင်းကြောင့် သတ်မှတ်ရက်မတိုင်မီ ပြန်လည် ရုပ်သိမ်းနိုင်ခြင်းမရှိသည်ကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိပေ။ အမေရိကန်အစိုးရသည် နိုင်ငံအတွင်း ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက်ပိုင်းမှစ၍ အာဖဂန်နစ္စတန်၌ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်ဆင်မှုများကို စတင် လုပ်ဆောင် လာခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်၌ ဆယ်စုနှစ်နှစ်ခုကြာစစ်ဆင်ရေးများ ဆင်နွှဲလျက်ရှိသော်လည်း  အမေရိကန်နှင့်မဟာမိတ် f NATO တပ်ဖွဲ့တို့သည် တာလီဘန်စစ်သွေးကြွအဖွဲ့အား နိုင်ငံအတွင်းမှ အပြီးအပိုင် တိုက်ထုတ်နိုင်ခြင်းမရှိ သကဲ့သို့ စစ်သွေးကြွအဖွဲ့ကို တန်ပြန်တိုက်ခိုက်နိုင်ရေးအတွက် အာဖဂန်နစ္စတန်အစိုးရတပ်များကိုလည်း   ထိရောက်စွာ လေ့ကျင့်သင်ကြားပေးနိုင်ခြင်းမရှိပေ။

အချုပ်အားဖြင့်ဆိုရပါမူ  ဂျိုးဘိုင်ဒင်အနေဖြင့် တာလီဘန်စစ်သွေးကြွအဖွဲ့နှင့် ဒေါ်နယ်ထရမ့်အစိုးရတို့ကြား ချမှတ်ထားသော  သဘောတူညီချက်အတိုင်း  ပြည်ပတပ်များကို အာဖဂန်နစ္စတန်မှ သတ်မှတ်ချိန်အတွင်း   ပြန်လည်ရုပ်သိမ်းနိုင်ခြင်းမရှိပါက လက်နက်ကိုင်ပဋိပက္ခဒဏ်ကို နှစ်ပေါင်းများစွာတွေ့ကြုံနေရသည့် နိုင်ငံ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ထွက်ပေါ်လာစေနိုင်မည့် အလားအလာရှိနေသည်။         

Ref: Sputnik