ပြည်ပနိုင်ငံများမှ  ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်  အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ  ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်  အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

နေပြည်တော် သြဂုတ် ၂၅

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၂၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၇၂ ဦး၊ အမျိုးသမီး ၁၆၅ ဦး၊ စုစုပေါင်း ၃၃၇ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၆ ဦးကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၁၃ ဦး၊ အမျိုးသမီး ၈၇ ဦး၊ စုစုပေါင်း ၂ဝဝ ဦးကို လည်းကောင်း  အသီးသီး လက်ခံခဲ့သည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊  Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။