ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၂၁

  ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၇၉ ဦးနှင့် နမ့်ဖာဟော်တံတားမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ကို အသီးသီး လက်ခံခဲ့သည်။

  ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

  ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။