ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေစဉ် အကြမ်းဖက် သမား ၂ ဦးက လက်လုပ်ဗုံးဖြင့် နှောင့်ယှက်တိုက်ခိုက်

ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေစဉ် အကြမ်းဖက် သမား ၂ ဦးက လက်လုပ်ဗုံးဖြင့် နှောင့်ယှက်တိုက်ခိုက်

 
နေပြည်တော်၊ ၇

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဟန့်တားနိုင်ရေးအတွက် ကာကွယ်ဆေးများ ရရှိရေးနှင့် ရောက်ရှိလာသော ကာကွယ် ဆေးများအား ပြည်သူလူထုထံအမြန်ဆုံး ရောက်ရှိထိုးနှံနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ NUG ၊ PDF အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့မှ အခကြေးငွေပေးပြီးခိုင်းစေခံရသူများက အဆိုပါကာ ကွယ်ဆေး ထိုးနှံနေသူများကို နှောက်ယှက်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဗုံးခွဲခြင်းများ နေရာအနှံ့ဆောင်ရွက်လျက် ရှိသည်။

 
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်ရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံလျက်ရှိရာ အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံး ဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်ဗုံးပစ်ပေါက်ထွက်ပြေးသူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ သတင်းဖော်ထုတ်ချက်အရ လက်လုပ်ဗုံးပြုလုပ်သူ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်နေ ဇော်လင်းထက် အသက် ၃၀ နှစ်အား သွားရောက်ဖမ်းဆီးရာ ၎င်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် တာဝန်သိပြည်သူများနှင့်အတူ ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးရာ ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည့် ကန့်မှုန့်၊ ယမ်းမှုန့် များ၊ဒီတိုနေတာ ၅၀ ခု၊ ဘောစိ ၆၅ လုံးတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

 
ဖမ်းဆီးရမိတရားခံ ဇော်လင်းထက်၏ ထွက်ဆိုချက်အရ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက် နေ မျိုးမင်းထက် အသက် ၁၉ နှစ်၊ ရန်ပိုင်ဖြိုး အသက် ၁၉ နှစ်၊ ဝေယံကိုကို၊ ပြည်စုံအောင် တို့နှင့်အတူ လက်လုပ်ဗုံးပြုလုပ် ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မျိုးမင်းထက်နှင့် ရန်ပိုင်ဖြိုးတို့ ၂ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း၊ ဇော်လင်းထက်၏ ဇနီးဖြစ်သူအား ၎င်း၏နေအိမ်တွင် လက်လုပ်မိုင်းများဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေသည့် နေရာရှိ လူနှင့် အဆောက်အဦ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းနှင့် NUG ၊ CRPH နှင့် PDF အကြမ်းဖက်အုပ်စုများ အနေဖြင့် ပြည်သူလူထု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေစဉ် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ မိုင်း ထောင်ဗုံးခွဲခြင်း စုစုပေါင်း(၁၉)ကြိမ်အထိ လူမဆန်စွာ ကျူးလွန်ခဲ့ပြီးဖြစ်သည်။

အဆိုပါပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေမှုကို ပစ် မှတ်ထား၍ အကြမ်းဖက်ဗုံးဖောက်ခွဲသူအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော် ထားကြောင်း သတင်းရရှိသည်။