ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊ ဒေသနှင့် တိုင်းပြည်အကျိုးအတွက်  တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပြီး စွမ်းရည်စွမ်းအားရှိအောင် ကြိုးပမ်းဆောင်ရွက်

ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊ ဒေသနှင့် တိုင်းပြည်အကျိုးအတွက်  တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပြီး စွမ်းရည်စွမ်းအားရှိအောင် ကြိုးပမ်းဆောင်ရွက်

နေပြည်တော်၊ မတ် - ၁

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးသည်။

တိုင်းစစ်ဌာနချုပ်၏ ဦးရေးထောက်ဆိုင်ရာလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု

        ဦးစွာ တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူးက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ သမိုင်းအကျဉ်း၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေ စိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများအား တားဆီးဆောင် ရွက်လျက်ရှိမှု၊ ယာယီနေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသခံပြည်သူလူထုတို့အား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု၊ ပညာရေးရိပ်သာများ ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ၏ စားဝတ်နေရေး အဆင်ပြေမှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိမှု၊ တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ သက်သာချောင်ချိ ရေး ဆောင်ရွက်ပေးနိုင်မှု ရှင်းလင်းတင်ပြသည်။

        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသူ များအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် နယ်မြေဒေသ၏ သမိုင်းကြောင်း စဉ်လာနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံများနှင့် အတူ တကွ ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

        ဆက်လက်ပြောကြားရာတွင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့ များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တပ်ရင်း တပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများက လည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားထား သည့် စစ်ပညာများကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊ အဆင့်ဆင့် သော ခေါင်းဆောင်များကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမှသာလျင် တိုက် စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့်တပ်များ ဖြစ်လာမည်ဖြစ်သဖြင့် စစ်သည် တစ်ဦးချင်း  စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်ကောင်းများရှိအောင် လေ့ကျင့်ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ ညီညွတ်မျှတပြီး တပ်မှူးကောင်းစိတ် ထား၍ မိမိတို့၏ လက်အောက်ငယ်သားများကို မှန်မှန်ကန်ကန် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်ရန်လို ကြောင်းဖြင့် မှာကြားခဲ့သည်။

အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြား သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူ များ၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

စွမ်းရည်ရှိပြီး စွမ်းပကားမြင့်မားသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် နိုင်ငံ၏ အနောက် ဘက်ခြမ်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ခေတ်အဆက် ဆက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံ တော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်း ဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ပထဝီဝင် အနေအထားအရ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ အပေါ်တွင် လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်၍ အရှည်မျှော်တွေးပြီးဆောင်ရွက်ကြရန်လို ကြောင်း။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေရမည် ဖြစ်သကဲ့သို့ ပြည်ပရန် ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခု ဖြစ်စေရေး လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက် များ စွမ်းအားမြင့်မားရေး၊ အရာရှိ၊ စစ်သည်များ၏ စွမ်းရည်မြင့်မားရေးအတွက် အမြဲ မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ အားလုံး အဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသဖြင့် တပ်မတော်၏စွမ်းပကားမြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြင့်မား စေရေး လေ့ကျင့်ရေးတာဝန်များကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စစ်မြေပြင်တွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချမည်ဆိုပါက ထိခိုက်မှုများ နည်းပါးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်း၊ တပ်တစ်တပ်ချင်းမှအစပြု၍ တပ်မတော်တစ်ရပ်လုံး စစ်ရေး စွမ်းရည် ထက်မြက်စေရေး ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊ ဒေသနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ တာဝန်ကိုကျေပွန်စွာထမ်းဆောင်

ယခင်က ရခိုင်ပြည်နယ်သည် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းများဖြစ်ပေါ်ခြင်းကြောင့် ဒေသခံများ အနေဖြင့် ခေတ်အဆက်ဆက်အစိုးရများအပေါ် ရင်းနှီးနားလည်မှုနည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကနဦးအရေးအကြီးဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန် စေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်တွေ-ရန်ကုန် လမ်းမကြီးကို ဖောက်လုပ်ပေး ခဲ့ကြောင်း၊ ယခင်က သွားလာမှုခက်ခဲခြင်းကြောင့် ဒေသခံရခိုင်လူမျိုးများအနေဖြင့် မြေပြန့်ဒေသရှိပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးခဲ့ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲစေရေးကို လိုလားသည့် အချို့ သော အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင်လွဲမှားမှုများကို ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် ဒေသတွင်း တာဝန် ထမ်းဆောင်နေကြသူများအနေဖြင့် နယ်မြေဒေသ၏နောက်ခံသမိုင်းကြောင်းကို သိရှိ နားလည်ရန်လိုပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ သက်သာချောင်ချိရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဒေသခံတိုင်းရင်းသားများ၏ စိတ်နေသဘောထားများကိုသိရှိပြီး စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်ရန်လို ကြောင်း၊ ဒေသနှင့် တိုင်းပြည်အကျိုးကို ကြည့်၍ မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ တပ်မတော်သားများသည် စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့် ပြည်သူများနှင့်ထိတွေ့ဆောင်ရွက်ရာတွင် ပြည်သူ့အပေါ် ထားရှိရမည့် ကျင့်ဝတ်တွင်ပါဝင်သည့်အတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်ကြံ ကြရန်လိုကြောင်း၊ အလားတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ်ကောင်းများ ပေါကြွယ်ဝမှသာလျင် ဒေသနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်

ယခင်က ရခိုင်ပြည်နယ်သည် အုပ်ချုပ်မှုစနစ်၊ ပညာရေးတို့တွင် အားကောင်းခဲ့ သည်များရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် မူဂျာဟစ် သောင်းကျန်းသူများနှင့် ဒေသတွင်းလူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုများ စသည့် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက်ကျခဲ့ရကြောင်း၊ ဒေသ တစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံ သည့် လူသားအရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးကို နိုင်ငံနှင့် အဝန်းမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း ပညာရည် မြင့်မားရေး အတွက်လည်း နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ် များ ပေါများမှသာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင် လွဲမှားနေမှုများကို နည်းပါးစေကာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအထောက်အကူပြုစေမည်ဖြစ်ပြီး စုစည်းညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း။

အသိပညာ၊ အတတ်ပညာများသည် အတန်းပညာအပေါ်တွင် မူတည်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ အတန်းပညာမြင့်မားရေးအတွက်လည်း တပ်မတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ တပ်မတော်သားများ၏ မိသားစုဝင် သား သမီးများ ပညာရည်မြင့်မားစေရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် လမ်းခုလတ်တွင် ပညာရေး မပြီးဆုံးစေလိုဘဲ အဆင့် မြင့် ပညာရပ်များ သင်ကြားပြီးမြောက်သည်အထိ အားပေးဆောင်ရွက်ကြစေလို ကြောင်း၊ သို့မှသာ မိမိတို့သားသမီးများ၏ ဘဝရပ်တည်ရေးအတွက် အဆင်ပြေချော မွေ့စေမည်ဖြစ်ကြောင်း၊ မိမိတို့၏ မိဘများအနေဖြင့် မိမိတို့အပေါ်မိဘတာဝန်ကျေခဲ့ သကဲ့သို့ မိမိတို့အနေဖြင့်လည်း မိမိတို့သားသမီးများအပေါ် မိဘဝတ္တရားကျေအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ မိမိတို့၏ အသိပညာအတတ်ပညာများ မြင့်မားတိုးတက်စေရေးအတွက်လည်း ဗဟုသုတတိုးပွားစေမည့် စာအုပ်စာပေများကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း။

မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် လူမှုဘဝတိုးတက်စေရေး မြှင့်တင်ရမည်

ထို့ပြင် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိအတွက် အကျိုးမရှိသည့် အရက်သေစာသောက်စားမှုများကို တစ်ဦးချင်းအသိတရားဖြင့် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အရက်သေစာလွန်ကျွံစွာသောက်စားမှုကြောင့် ကျန်းမာ ရေး ထိခိုက်မှုကိုသာမက လူမှုရေးပြဿနာများပါကြုံတွေ့ရနိုင်ကြောင်း၊ အလားတူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့် ကွမ်းစားသုံးမှုများကိုလည်း အတတ် နိုင်ဆုံးထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက် ရာတွင်လည်း အများအတွက်အကျိုးရှိမည့် မွေးမြူရေးကိုဆောင်ရွက်ကြစေလို ကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးများကို ဆောင်ရွက်ရာတွင်လည်း မိမိတို့ တတ်နိုင်သလောက် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှ သာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ပြီး မိမိ တို့၏ ငွေကြေးသုံးစွဲမှုကို များစွာသက်သာစေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်တစ်ဦးချင်း အဆင့်အလိုက် ရသင့်ရထိုက်သည့် ရပိုင်ခွင့်များနှင့် အခွင့် အရေးများကို နေရေး၊ စားရေး၊ ဝတ်ရေးတို့မှအစ တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင် ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် စစ်သည်တစ်ဦးချင်းအတွက် အကျိုးကို ခိုင်မာစွာ ဖြစ်ပေါ်စေနိုင်ပြီး စဉ်ဆက်မပြတ်သော အမြတ်ငွေများ နှစ်စဉ်ရရှိစေနိုင်သည့် မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစုရှယ်ယာထည့်ဝင်ခြင်း များကို ဆောင်ရွက်နိုင်ရန်လည်း အခွင့်အလမ်းများဖော်ဆောင်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးတစ်ယောက်ချင်း၏ အကျိုးကို မျှော်တွေး၍ ဆောင်ရွက်ပေးထား ခြင်း ဖြစ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများဖြင့် ရေရှည်ကိုကြည့်ကာ ဆောင်ရွက်ကြရန်တိုက်တွန်း လိုကြောင်း။  

အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ တွင် အောင်မြင်မှုများရရှိမည်ဆိုပါက လူအများက မိမိအပေါ်ယုံကြည်မှု တိုးတက်စေ မည် ဖြစ်ကြောင်း၊  သို့မှသာ မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့ကို ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်း ဆောင်ရာတွင် စိတ်လက်ကြည်သာစွာဖြင့် ပျော်ရွှင်စွာထမ်းဆောင်ကြရန်လိုကြောင်း ဖြင့် မှာကြားသည်။

 

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီး သီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အမ်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသား စုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များမှ ဆေးကုသ ရေးအစီအစဉ်ဖြင့် ကုသပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးအခြေအနေ တိုးတက်မှုများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ အမ်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံ ပြည်သူအများအပြား တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဒေသခံများက လည်း အားကိုးယုံကြည်လျက်ရှိကြောင်းနှင့် နယ်မြေဒေသအတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေးမြှင့်တင်မှုများကို များစွာ အထောက်အကူပေးလျက်ရှိကြောင်း သတင်းရရှိ သည်။