ပြန်ပေးဆွဲခံလိုက်ရသည့်သားကို ၂၄ နှစ်အကြာတွင် ဒီအန်အေနှင့်ကိုက်ညီမှုရှိသဖြင့် သားအဖနှစ်ဦးပြန်တွေ့ခဲ့

ပေကျင်း၊ လူမှုရေး

တရုတ်နိုင်ငံ၌ အမျိုးသားတစ်ဦးသည် ပြန်ပေးဆွဲခံလိုက်ရသည့် ၎င်းင်း၏သားကို ၂၄ နှစ်အကြာတွင် ပြန်ရှာတွေ့ကြောင်း သိရသည်။ ဂိုဂန်တန်းအမည်ရှိ အဆိုပါအမျိုးသား၏သားသည် အသက် ၂ နှစ် ၅ လခန့်တွင် ရှန်တုံပြည်နယ်ရှိ ၎င်းတို့၏အိမ်ရှေ့၌ ကစားနေသည်ကို   လူကြီးများက သတိမထားမိစဉ်  ပြန်ပေးဆွဲခံလိုက်ရခြင်းဖြစ်သည်။

ကလေးကိုပြန်ပေးဆွဲသူများသည် လူကုန်ကူးသူများဖြစ်ပြီး ထိုကလေးကို နိုင်ငံအလယ်ပိုင်းရှိ မိသားစုတစ်စုထံ ရောင်းစား လိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်တွင်ထုတ်ပြန်သည်။ ဂိုဂန်တန်းသည် ၎င်း၏သားနှင့်ပတ်သက် သော သတင်းအငွေ့အသက်များနောက် ဆိုင်ကယ်တစ်စီးဖြင့် လိုက်လံရှာဖွေခဲ့ခြင်းဖြစ်ပြီး သားကိုမတွေ့မီအထိ နိုင်ငံတစ်ဝန်း သွားခဲ့ရသောခရီးအကွာအဝေးစုစုပေါင်းမှာ ကီလိုမီတာ ၅ သိန်းရှိသည်။

ဂိုဂန်တန်းအနေဖြင့်  ယင်းသို့လိုက်လံရှာဖွေစဉ် အမြန်လမ်းမကြီးပေါ်၌ ဓားပြတိုက်ခံရသည်လည်းရှိကာ   တံတားများအောက်တွင် လည်းအိပ်ခဲ့ရသည့်အပြင် လက်ထဲတွင်ငွေပြတ်သွားသည့်အခါ သူတောင်းစားတစ်ဦးကဲ့သို့တောင်းရမ်းခဲ့ရပြီး ၎င်း၏ဖြစ်စဉ် ကိုဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသော “ပျောက်ဆုံးမှုနှင့်ချစ်ခြင်းမေတ္တာ” အမည်ရှိရုပ်ရှင်ကားမှာ နာမည်ကျော်သည်အထိဖြစ်ခဲ့သည်။

သို့သော် ထိုသို့နှစ်ပေါင်းများစွာကြာရှာဖွေခဲ့သော်လည်း ရှာမတွေ့ဘဲရှိနေစဉ် နိုင်ငံအလယ်ပိုင်းဟေနန်ပြည်နယ်မှ အသက် ၂၆ နှစ်ရှိ ကျောင်းဆရာတစ်ဦးသည် ဂိုဂန်တန်း၏ ဒီအန်အေနှင့်ကိုက်ညီမှုရှိကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင်အကြောင်းပြန်ရာမှ ဂိုဂန်တန်းအနေဖြင့် နှစ်ပေါင်းများစွာ ကြာပျောက်ဆုံးသွားသော သားကို ပြန်တွေ့ရခြင်းဖြစ်သည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် သံသယရှိသည့်ပြန်ပေးဆွဲသူနှစ်ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထား သော်လည်း  ဂိုဂန်တန်း၏ သားကိုမွေးစားခဲ့သည့် မိသားစု၏အကြောင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိကြောင်းသိရသည်။

တရုတ်အစိုးရအနေဖြင့် ပျောက်ဆုံးနေသောမိသားစုများအတွက် ဒီအန်အေဒေတာဘေ့(စ်)ကို ၂၀၁၆ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီးချိန်မှစ၍   ကလေးဘဝတွင် ပြန်ပေးဆွဲခံရသူ ၂၆၀၀ ကျော်ကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့ရာ ထိုအထဲတွင် နှစ်ပေါင်း ၆၀ ကျော်ကြာသည်အထိမိသားစုနှင့် ကွဲကွာသွားသူများလည်းပါဝင်ကြောင်း ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

Ref: TST