ဖိလစ်ပိုင်တောင်ပိုင်းသို့ မုန်တိုင်းဝင်မည့်အတွက် ဒေသခံထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ရွှေ့ပြောင်း

မနီလာ၊ သဘာဝဘေး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ တူးဝှမ်အပူပိုင်း မုန်တိုင်းချဉ်းကပ်လာသည့်အတွက် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒေသခံထောင်ပေါင်းများစွာကို တာဝန်ရှိသူများက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်တာဝန်ရှိသူများသည် ဒေသခံ ၅၁၄၀၀  ကို  နိုင်ငံတောင်ပိုင်းပြည်နယ်ခုနစ်ခုရှိ ကယ်ဆယ်ရေးစခန်း ၃၃၁ ခုသို့ရွှေ့ပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးဌာနကပြောသည်။

ယခုနှစ်တွင်  ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဆုံးတိုက်ခတ်မည့် အဆိုပါမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ လျှင် ၆၅ ကီလိုမီတာနှင့်လေပြင်းတိုက်ခတ်မှုတစ်နာရီလျှင် ၈၀ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းသည် ဖေဖော်ဝါရီ ၂၁ရက်ညပိုင်းနှင့် ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းအတွင်း မနီလာမြို့ တောင်ဘက် ကီလိုမီတာ ၆၀၀ နှင့် ၇၀၀ ခန့်အကွာရှိ ဒိုင်နာဂတ်ကျွန်းစုမှ အရှေ့ဆာမားလေးတီးဒေသသို့ ဝင်မည်ဟု ခန့်မှန်းရသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ အဆိုပါမုန်တိုင်းသည် ဟီနာတူအန်မြို့အရှေ့ဘက် ကီလိုမီတာ ၃၂၀ အကွာတွင်တည်ရှိပြီး အနောက်မြောက်အရပ်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလာကြောင်း သိရသည်။

မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့မဝင်မီ အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲနိုင်သော်လည်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း ပျှမ်းမျှအားဖြင့် မုန်တိုင်းအလုံး ၂၀ ခန့်တိုက်ခတ်လေ့ရှိပြီး    လူထောင်ပေါင်း များစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရကြောင်း သိရသည်။

Ref: TST