ဖိလစ်ပိုင်၌ ချွိုင်ဝမ်မုန်တိုင်းတိုက်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး ဒေသခံ ၂၆၀၀ ကျော် နေအိမ်စွန့်ခွာရ

မနီလာ၊ သဘာဝဘေး

ဖိလစ်ပိုင်နိုင်ငံ၌ အင်အားပြင်း ချွိုင်ဝမ်မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံတောင်ပိုင်းနှင့်အလယ်ပိုင်းရှိကျေးရွာများမှ လူသုံးဦး သေဆုံးပြီး ဒေသခံ ၂၆၀၀ ကျော်နေအိမ်စွန့်ခွာထွက်ပြေးရကြောင်း  တာဝန်ရှိသူများက ဇွန် ၂ ရက်တွင်ပြောသည်။ ချွိုင်ဝမ် မုန်တိုင်း သည် ဇွန် ၂ ရက်အစောပိုင်းတွင် မက်ဘိတ်ပြည်နယ်အနောက်တောင်ဘက်သို့ လေတိုက်နှုန်း တစ်နာရီလျှင် ၆၅ ကီလိုမီတာမှ ကီလိုမီတာ ၉၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျား သွားပြီး ဇွန် ၃ ရက်တွင် တောင်တရုတ်ပင်လယ်ထဲ ဦးတည်ဝင်ရောက်ကာ အားလျော့ပျက်ပြယ်သွားမည်ဟု မိုးလေဝသ တာဝန်ရှိသူများက ပြောသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူသုံးဦးတွင် အသက် ၁၄ နှစ်ရှိ  လူငယ်တစ်ဦးပါဝင်သည်။  ၎င်းသည်  မုန်တိုင်းကြောင့် မိုးသည်း ထန်စွာရွာသွန်းနေစဉ် မွေးမြူရေး တိရစ္ဆာန်များကိုကယ်တင်ရန်  ဖခင်နှင့်အတူပြေးသွားစဉ်  လေမုန်တိုင်းအတွင်းလွင့်ပါ သွားခြင်း ဖြစ်သည်။ မုန်တိုင်းကြောင့်ဖြစ်ပွားသည့် မြေပြိုမှုနှင့်ရေကြီးမှုအတွင်း နစ်မြုပ်နေသည့်နေအိမ်များတွင် ပိတ်မိနေသော ဒေသခံ များစွာကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ပေးထားပြီး ကလေးများအပါအဝင်  ရွာသား ၄၀ ခန့်ကို ဘေးကင်းရာသို့  ပို့ဆောင် ထားနိုင်ကြောင်းသိရသည်။         

Ref: CNA