ဖိလစ်ပိုင်၌ မီးတောင်ပေါက်ကွဲနိုင်မှုကြောင့် ဒေသခံ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တောင်ဘက် ကီလိုမီတာ ၇ဝ အကွာရှိ တားမီးတောင်ရှင်က မီးခိုးငွေ့များနှင့် ဓာတ်ငွေ့များကို ၁ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်နေသည့် အတွက် တာဝန်ရှိသူများက ဇူလိုင် ၁ ရက်တွင်  မီးတောင်ပတ်ဝန်းကျင်ရှိ  ဒေသခံ ထောင်ပေါင်းများစွာကို  ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

တားမီးတောင်ပေါက်ကွဲနိုင်ခြေ သတိပေးချက်မှာ  ယခင်က အဆင့် ၂ သတ်မှတ်ထားရာမှ ယခုအခါအဆင့် ၅ သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊   ချော်ရည်ပူများမှာ မီးတောင်ဝသို့ ရောက်ရှိလာပါက နောက်ထပ် မီးတောင်ပေါက်ကွဲမှု ဖြစ်လာနိုင်ကြောင်း မြေငလျင်ပညာနှင့်   မီးတောင်လေ့လာ စောင့်ကြည့်ရေး ဌာနကပြောသည်။

တားမီးတောင်သည် ကမ္ဘာ့အသေးဆုံး မီးတောင်ရှင်များအနက် တစ်ခုဖြစ်ပြီး အမြင့် ၃၁၁ မီတာရှိသော်လည်း ၁၉၁၁ ခုနှစ်တွင် ဖြစ်ပွားသော မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၃ဝဝ ကျော် သေဆုံးရသည်။

၂ဝ၂ဝ ပြည့်နှစ်   ဇန်နဝါရီလတွင်မူ ထိုမီးတောင်က ပြာများနှင့် မီးခိုးများကို အမြင့် ၁၅ ကီလိုမီတာအထိ မှုတ်ထုတ်သောကြောင့် ဒေသခံ ၁ သန်းကျော်က နေရပ်စွန့်ခွာ ထွက်ပြေးရသည့်အပြင် မီးတောင်ပြာများမှာ   မနီလာမြို့အထိ ရောက်ရှိသည့် အတွက် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်ရသည်။လက်ရှိဖြစ်ပေါ်နေသည့်  မီးတောင် ပေါက်ကွဲနိုင်ခြေမှာ ပြီးခဲ့သည့်နှစ်ကထက်   ပိုမိုအန္တရာယ် များကြောင်း တာဝန်ရှိသူများက သတိပေးထားသည်ဟု  သိရသည်။