ဖူကူရှီးမားငလျင်လှုပ်သည့်နေရာအနီး၌ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်

အီဝါကီ၊ သဘာဝဘေး

ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ် ဆူနာမီလှိုင်းရိုက်ခတ်မှုကိုဖြစ်ပေါ်စေခဲ့သော ဖူကူရှီးမားငလျင်လှုပ်ခတ်သည့် နေရာအနီး၌ ဖေဖော်ဝါရီ ၁၃ ရက် ညသန်းခေါင်မတိုင်မီတွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ကြောင်း သိရသည်။

အဆိုပါငလျင်သည် ပြင်းအား ၇ ဒသမ ၃ ရစ်ချ်တာစကေးရှိပြီး ငလျင်ဗဟိုချက်အနီးရှိ ဖူကူရှီးမားစီရင်စု၌ အုတ်တံတိုင်းများ အက်ကွဲ၊ ပြတင်းပေါက်များကွဲကာ မြေပြိုမှုတစ်ခုဖြစ်ပွားသည်။ ထို့ပြင် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ရာပေါင်းများစွာ အကွာရှိ တိုကျိုမြို့တွင်လည်း ငလျင်လှုပ်ခတ်မှုကြောင့်ဖြစ်ပေါ်သည့် တုန်ခါမှုကိုခံစားရကြောင်း သိရသည်။

ငလျင်လှုပ်မှုကြောင့် သေဆုံးသူမရှိသေးသော်လည်း  ၁၀၄ ဦး ဒဏ်ရာရရှိထားကြောင်းနှင့်  မီးရထား ခရီး စဉ်များကို ရပ်ဆိုင်းထားရကြောင်းသိရသည်။ သို့သော် ငလျင်လှုပ်ခတ်မှုကြောင့် မည်သည့် ဆူနာမီလှိုင်း ဖြစ်ပေါ်မှုမျှမရှိကြောင်းနှင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင်လည်း မူမမှန်မှုများ မရှိကြောင်း တွေ့ရသည်။

ယခုဖြစ်ပွားသည့်ငလျင်သည် ၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားသော ငလျင်ကိုပြန်ပြောင်း အမှတ်ရစေပြီး ထိုစဉ်က ဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် နှစ်ပေါင်း ၂၅ နှစ်အတွင်း ကမ္ဘာ့အဆိုးဝါးဆုံး နျူကလီးယား ဓာတ်ပေါင်းဖို ပျက်စီးမှုကို ဖြစ်ပေါ်စေသည့်အပြင် လူပေါင်း ၂၀၀၀၀ ကျော်ကို သေဆုံးစေခဲ့သည်။

ဂျပန်နိုင်ငံသည် ငလျင်လှုပ်ခတ်မှုဒဏ်ကို မကြာခဏခံစားရလေ့ရှိသည့်နိုင်ငံဖြစ်ပြီး ပြင်းအား ၆ ရစ်ချ်တာ စကေးနှင့် အထက်ဖြစ်ပွားသော တစ်ကမ္ဘာလုံးရှိ ငလျင်လှုပ်ခတ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်က ဂျပန် နိုင်ငံတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။                       

Ref: TST